တောင်ငူတွင် စစ်တပ်ထောက်ခံသူများဦးစီးပြုလုပ်သည့် ကန့်ကွက်ရှုတ်ချပွဲအတွင်း ကျောင်းသားလူငယ်များကို ပါဝင်ခိုင်းနေ

0
270

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် စစ်တပ်ထောက်ခံသူများ ဦးစီးပြုလုပ်သော ကန့်ကွက်ရှုတ်ချပွဲ အတွင်း ကျောင်းသားလူငယ်များကို စည်းရုံးပါဝင်စေကြောင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ကန့်ကွက်ရှုတ်ချပွဲအတွင်း တောင်ငူမြို့ လောကုတ္တရာရပ်ကွက်ရှိ ကျောင်းသားလူငယ်များအား စည်းရုံး ပါဝင်စေတာကြောင့် အုပ်ထိန်းသူမိဘများက ၎င်းတို့သားသမီးများအတွက် စိုးရိမ်ပူပန်ခဲ့ရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“မြို့စွန် လောကုတ္တရာရပ်ကွက်ဘက်က အတန်းကြီးကျောင်းသား တော်တော်များများကို ခေါ်ပြီးသွားခိုင်းတယ်။ သူတို့ခေါ်ရတာလွယ်တာ ကျောင်းသားပဲရှိတယ်လေ။ ဆရာမတွေက ကြိုပြောထားတာလားတော့ မသိဘူး။ မိဘတွေဆို စိတ်တွေပူလို့” အဆိုပါ ဒေသခံအမျိုးသမီးက ပြောသည်။

ထို့အပြင် မြို့အတွင်း ရပ်ကွက်များရှိ လူငယ်များကိုလည်း ကန့်ကွက်ရှုတ်ချပွဲအတွင်း ပါဝင်စေရန် လိုက်လံ စည်းရုံးရေးများ လုပ်ဆောင်ခဲ့ကြကြောင်း မြို့နေဒေသခံများ၏ပြောပြချက်အရ သိရသည်။

နောက်ထပ်မြို့ခံတစ်ဦးက “ရပ်ကွက်တွေထဲက လူငယ်တွေကို လိုက်စည်းရုံးတာ၊ တချို့က သိနေတော့ မလိုက်ဘူး။ စေတီကိုတူနဲ့ထုတဲ့ကိစ္စ ကန့်ကွက်ဆန္ဒပြဖို့ ကျောင်းသားတွေရော လူငယ်တွေရော လိုက်ခေါ် နေကြတာ” ဟု ပြောသည်။

ဇန်နဝါရီ ၁၆ ရက်နေ့ မနက်ပိုင်းက ရဟန်းသံဃာများ၊ သီလရှင်များ အပါအဝင် လူပေါင်း ၁,၀၀၀ ကျော်ခန့်သည် တောင်ငူမြို့ ကေတုမတီ မုခ်ဦးရှေ့မှစတင်ပြီး ရန်ကုန်-မန္တလေးလမ်းမကြီးအတိုင်း လှည့်လည်ပြီး စေတီပုထိုးနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦးများကို ဖျက်ဆီးနေသော ပြည်ဖျက်မိစ္ဆာများ အလိုမရှိ၊ ဘာသာအကျိုး ဒို့သယ်ပိုး အစရှိသည်တို့ကို ကြွေးကြော်၍ ကန့်ကွက်ရှုတ်ချပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါကန့်ကွက်ရှုတ်ချပွဲများနှင့် မရှေးမနှောင်းမှာပင် စစ်ကောင်စီက ၎င်းလက်အောက်ခံ အုပ်ချုပ်ရေးမှူးများမှတဆင့် ပြည်သူ့စစ်သင်တန်းတက်ရန် တောင်ငူမြို့နယ်အတွင်းရှိ ကျေးရွာများသို့ အတင်းအကြပ် လိုက်လံခေါ်ယူနေမှုများလည်း ရှိနေသည်ဟု တောင်သူဒေသခံများက ပြောဆိုသည်။

စစ်ကောင်စီတပ်၏ တပ်သားသစ် အဓမ္မစုဆောင်းမှုများနှင့် ဘာသာရေးမှိုင်းတိုက်သည့် ကန့်ကွက်ရှုတ်ချပွဲများ သည် နိုင်ငံရေးနှင့် စစ်ရေးအရေးနိမ့်မှုအရ လုပ်ဆောင်နေခြင်းဖြစ်ပြီး ထိုလုပ်ရပ်များအပေါ်တွင် ၎င်းတို့ကို ထောက်ခံသူလူတစ်စုကိုသာ စည်းရုံး၍ ရနိုင်မည့်ဖြစ်ကြောင်း တောင်ငူခရိုင်-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-၃၅၀၁ တပ်ရင်း တာဝန်ခံက ယခုလိုပြောသည်။

တပ်ရင်း ၃၅၀၁ ၏ ပြန်ကြားရေးတာဝန်ခံ ကိုနတ်မောက်က “ဘာသာရေးမှိုင်းတွေဆိုတာ သူတို့က နိုင်ငံရေးနဲ့ စစ်ရေးမှာ အရေးနိမ့်နေလို့ တိုက်နေတာ။ ဘယ်လောက်မှိုင်းတိုက်တိုက် သူတို့အဖွဲ့အစည်းတွေ၊ သူတို့ကို ထောက်ခံတဲ့ လူတွေလောက်ကိုပဲ စည်းရုံးလို့ရမှာပါ။ သူတို့အဲ့လို ဘာသာရေးမှိုင်းတွေတိုက်ပြီး စည်းရုံးတာ ပြည်သူ့စစ်သင်တန်းတက်ဖို့ အတင်းဖိအားပေးတာတွေက ကျနော်တို့အတွက် အင်အားဖြစ်စေတယ်” ဟု ပြောသည်။

ရှမ်းမြောက်ဒေသ စခန်းသိမ်းတိုက်ပွဲများ အရှိန်ရနေစဥ် ပြီးခဲ့သည့် ဇန်နဝါရီလဒုတိယပတ်အတွင်းက ကိုးကန့်တပ်မတော်-MNDAA တပ်ဖွဲ့ဝင်တစ်ဦးက စေတီတစ်ဆူအား တူဖြင့်ထုရိုက်နေသည့် ရုပ်သံတစ်ခု လှုမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့သွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က တိုင်းနှင့်ပြည်နယ်အနှံ့အပြားတွင် ထိုကဲ့သို့သော ကန့်ကွက်ရှုတ်ချပွဲများ လက်ရှိအချိန်ထိ ဆက်တိုက်ပြုလုပ်နေခြင်းပင် ဖြစ်သည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here