တောင်ကုတ်မြို့ရှိ စကခ (၅) အပါအဝင် မြို့နယ်တစ်ခုလုံးကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း AA အတည်ပြုပြော

0
173
Photo – AA Info Desk ( ပုံဟောင်းဖြစ်သည်)

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်အတွင်းက စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် စကခ-၅ တပ်မဌာနချုပ်ကို AA က အပြီးသတ် ရှင်းလင်းတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် တောင်ကုတ်မြို့နယ် တစ်ခုလုံးကိုလည်း အလုံးစုံ သိမ်းပိုက်လိုက်ပြီဟု အာရက္ခတပ်တော်(AA) ပြောခွင့်ရသူ ဦးခိုင်သုခက အတည်ပြုပြောဆိုသည်။

“တောင်ကုတ်မြို့နယ်တခုလုံးကို အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက် ထိန်းချုပ်နိုင်ပြီ ဖြစ်ပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

စစ်ကောင်စီတပ် စကခ – ၅ တပ်မဌာနချုပ်ကို ဒီဇင်ဘာလ ၁၄ ရက် ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် အာရက္ခ တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း လွတ်မြောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း လိုက်လံရှင်းလင်း တိုက်ခိုက်လျက်ရှိသည်ဟု ၎င်းက ပြောဆိုသည်။

တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်၏ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ – ၅ အခြေစိုက်ထားပြီး လက်အောက်ခံတပ်ရင်းများဖြစ်သည့် ခမရ (၅၄၄)၊ ခမရ (၃၄၆) ၊ အမှတ် (၉၂၆) ထောက်ပို့တပ်ခွဲနှင့် စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတို့ ရှိသည်။

ယခုအခါ အာရက္ခတပ်တော် (AA) က အဆိုပါ တပ်စခန်းအားလုံးကို သိမ်းပိုက်ခဲ့ပြီးနောက် တောင်ကုတ်မြို့နယ် တစ်ခုလုံးကိုလည်း ထိန်းချုပ်လိုက်ပြီဖြစ်သောကြောင့် AA သည် တစ်ပတ်အတွင်း ရခိုင်က ခရိုင်မြို့ကြီး ၂ ခုကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

အာရက္ခတပ်တော် (AA) ရခိုင်က ခရိုင်မြို့ကြီး ၂ ခုဖြစ်သည့် မောင်တောမြို့ကို ဒီဇင်ဘာ ၈ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ပြီး တောင်ကုတ်မြို့ကို ဒီဇင်ဘာ ၁၄ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်လိုက်ခြင်းလည်းဖြစ်သည်။

လက်ရှိတွင် ရခိုင်မှ မြို့နယ် ၁၂ ခု နှင့် ပလက်ဝမြို့နယ်အပါအဝင် မြို့နယ် ၁၃ ခုကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထားပြီးဖြစ်ကာ အမ်းနှင့် ဂွ မြို့တို့တွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။

အလားတူ အာရက္ခတပ်တော် (AA) က စစ်ဆင်တိုက်ခိုက်ရန် ကျန်ရှိနေသည့် မြိုများမှာ စစ်တွေ၊ ကျောက်ဖြူ၊ နှင့် မာန်အောင်မြို့တို့ ဖြစ်ပြီး၊ တိုက်ပွဲပြင်းထန်နေဆဲ အမ်းနှင့် ဂွ မြို့နယ်တို့ကိုလည်း ဒီဇင်ဘာလမကုန်မီ သိမ်းပိုက်နိုင်လိမ့်မည်ဟု စစ်ရေးအကဲခတ်များက သုံးသပ်ပြောဆိုကြသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here