ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင် တိုက်ပွဲများရပ်တန့်နေသည်မှာ ၃ ရက်ကြာရှိနေပြီဖြစ်ပြီး အဆိုပါအချိန်အတွင်း မြို့ကိုစွန့်ခွာထွက်ပြေးသူအရေအတွက် ပိုမိုများပြားလာသည်ဟု မြို့ခံတို့ထံမှ သိရသည်။
တောင်ကုတ်တွင် တိုက်ပွဲငြိမ်သက်နေသည့် ၃ ရက်အတွင်း မြို့တွင်းက ပြည်သူများသည် ပြည်မဘက်သို့ စစ်ရှောင်သွားကြသလို တောင်ကုတ်မြို့နှင့်နီးစပ်ရာ ကျေးရွာများသို့ စစ်ဘေးရှောင်သွားကြသူများလည်း ရှိနေသည်ဟု ဆိုသည်။
တောင်ကုတ်မြို့ခံတစ်ဦးက “ပြည်သူတွေက နေ့စဉ်နဲ့အမျှ နီးစပ်ရာကို ထွက်ပြေးကြတယ်။ တချို့ကတော့ ပြည်မဘက်ကို ကားနဲ့ထွက်တယ်။ မနေ့က (နိုဝင်ဘာ ၁၈ ရက်နေ့) ဆိုရင် ကား ၁၅ စီးလောက် ပြည်မဘက်ကို ထွက်သွားတယ်။ တောင်ကုတ်က စစ်ကောင်စီဂိတ်တွေကို AA က သိမ်းပိုက်ထားပြီ။ မြို့ထဲက နေရာအချို့မှာတော့ စစ်တပ်က ဝင်ရောက်နေရယူထားတယ်။ မြို့တွင်းတိုက်ပွဲလည်း ဖြစ်လာနိုင်တယ်” ဟု ပြောသည်။
နိုဝင်ဘာ ၁၇ ရက်နေ့ကလည်း သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးငယ်များအများစုပါဝင်သော တောင်ကုတ်က စစ်ဘေးရှောင်ကားများသည် ရိုးမကိုကျော်ပြီး ပန်းတောင်းနှင့် ပြည်ဘက်သို့ ထွက်ခွာသွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“တိုက်ပွဲတွေက မကြာခင်ဆက်ဖြစ်မယ့် အနေအထားရှိတော့ တိုက်ပွဲရပ်နေတဲ့အချိန်မှာ ထွက်ပြေးကြတယ်။ ပြည်မဘက်ကို ရိုးမကိုကျော်ပြီး ကားတွေနဲ့ တိမ်းရှောင်သူတွေရှိသလို နီးစပ်ရာနယ်ကျေးရွာတွေကို တိမ်းရှောင်သူတွေလည်း ရှိကြတယ်။ ဘယ်ကိုမှထွက်မပြေးဘဲ မြို့တွင်းမှာ ကျန်ရှိနေသေးတဲ့လူတွေလည်း ရှိနေသေးတယ်။ ထွက်ပြေးသူတွေကတော့ သောင်းနဲ့ချီ ရှိနေပါပြီ” ဟု အဆိုပါဒေသခံက ပြောသည်။
စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုများကို အဓိကလုပ်ဆောင်နေပြီး အထူးသဖြင့် တောင်ကုတ်မြို့အနီးရှိ ကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက်မှုများကို ပြုလုပ်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။
ပြီးခဲ့သည့်နိုဝင်ဘာ ၁၄ ရက်နေ့ကလည်း စစ်ကောင်စီ Y-1 2လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဖုံညိုလိပ်ကျေးရွာရှိ အိမ်ခြေ ၄၀ ခန့်၊ ရန်ခိုကျေးရွာ၏ အိမ်ခြေထက်ဝက်ခန့်နှင့် မြို့တွင်းရှိ သိမ်တောင်ရပ်ကွက်မှ နေအိမ် ၆ ဆောင်ခန့် မီးလောင်ပြာကျခဲ့ရသည်ဟု တောင်ကုတ်မြို့မှ စစ်ဘေးရှောင်လာသည့် သံဃာတော်တစ်ပါးက မိန့်ကြားသည်။
“ဒီ ၁၄ ရက်နေ့လောက်က စစ်ကောင်စီက ဗုံးကြဲခဲ့လို့ ဖုံညိုတစ်ရွာလုံး မီးလောင်ပြာကျသွားခဲ့တယ်။ ရန်ခိုကျေးရွာမှာ ၅၀ ရာခိုင်နူန်းလောက် မီးလောင်ပြာကျတယ်။ လူ ၅ ယောက် သေတယ်။ မြို့တွင်းမှာဆိုရင် သိမ်တောင်ရပ်ကွက်က နေအိမ် ၆ ဆောင်လောက် မီးလောင်သွားတယ်”
တောင်ကုတ်မြို့အတွင်းတွင် စစ်သင်တန်းဆင်း မွတ်ဆလင်စစ်သားများက စည်ပင်လမ်းဆုံတွင် တပ်စွဲနေထိုင်ပြီး၊ စစ်ကောင်စီ၏ စနိုက်ပါသမားများက ဘဏ်အဆောက်အအုံများနှင့် အစိုးရအဆောက်အဦများတွင် နေရာယူထားသည်ဟု ဒေသခံများ ပြောဆိုမှုအရ သိရသည်။
နိရဉ္စရာ ပေးပို့သည်။