မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂနှင့် ဒူးပလာယာခရိုင် (တပ်မဟာ – ၆) ခရိုင် ကရင်လူငယ်အစည်းအရုံး – KYO တို့ ပူးပေါင်းဖွင့်လှစ်သည့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးသင်တန်း – YDT အပတ်စဉ် (၁) ကို တိုင်းရင်းသားလူငယ် ၄၁ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
လူငယ်များ၏ နိုင်ငံရေးအသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် လူငယ်မျိုးဆက်သစ်ခေါင်းဆောင်များ ပေါ်ထွက်လာစေရန် လူငယ်ဖွံဖြိုးတိုးတက်ရေးသင်တန်းကို ၂ လကြာ ကရင်အမျိုးသားအစည်းအရုံး – KNU ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်း ဧပြီ ၃ ရက်နေ့မှ မေလ ၂၉ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့သည်။
YDT သင်တန်းအတွင်းရေးမှူး စောဇွဲငွေလင်းက “အနာဂတ်မှာ ဖက်ဒရယ်နဲ့သွားမယ်ဆိုတော့ ဒီအကြောင်းအရာ မတူကွဲပြားမှုတွေ၊ လူငယ်ကနေစပြီးတော့ မတူကွဲပြားတဲ့ တိုင်းရင်းသားတွေနဲ့အတူ ဒီနိုင်ငံရေးမှာ လုပ်နိုင်စွမ်းရှိတဲ့လူငယ်တွေ တခြားသောစိတ်ပါဝင်စားနေတဲ့ လူငယ်တွေမှတဆင့် ပြန်မွေးထုတ်တာပေါ့နော်။ ဒီသင်တန်းက လူတိုင်းတက်လို့ရတယ်။ လူမျိူးခွဲခြားထားတာတွေ မရှိဘူး” ဟု ပြောသည်။
လက်ရှိနိုင်ငံရေးအခင်းအကျင်းကို လူငယ်များ နားလည်သဘောပေါက်ရန်လိုအပ်ပြီး၊ အနာဂတ်ဖက်ဒရယ် တည်ဆောက်ရာတွင်လည်း လူငယ်အခန်းကဏ္ဍမှာ အရေးကြီးနေသည်ဟု စောဇွဲငွေလင်းက ဆက်ပြောသည်။
နိုင်ငံရေးတွင် လူငယ်တို့စိတ်ပါဝင်စားမှု နည်းပါးလာခြင်းက နိုင်ငံရေးမျိုးဆက်သစ်များအတွက် အခက်အခဲဖြစ်လာနိုင်ပြီး လူငယ်များ ကျရာနိုင်ငံ့တာဝန်ထမ်းဆောင်ရန် တရားမျှတပြီး ပိုမိုကောင်းမွန်သည့် အနာဂတ်သို့ ဦးတည်ကြရန်လည်း YDT အတွင်းရေမှူးက တိုက်တွန်းပြောဆိုသည်။
“အခုကတည်းကလူငယ်တွေ နိုင်ငံရေးကို စိတ်ဝင်စားမှုမရှိဘူးဆိုရင် လာမယ့်အနာဂတ်မှာ ကျွန်တော်တို့ အခက်ခဲဖြစ်တော့မယ်။ ဒီစစ်အာဏာရှင်စနစ်ကလဲ သက်ဆိုးပိုရှည်လိမ့်မယ်။ ကျွန်တော်တို့လူငယ်တွေအနေနဲ့ အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေကို စိတ်ဝင်စားမှုအပြည့်ရှိပြီး ကျွန်တော်တို့နဲ့ပူးပေါင်း လုပ်ဆောင်ဖို့ တိုက်တွန်းချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
သင်တန်းတွင် ဘာသာရပ် ၁၉ ခု ထက်မနည်းသင်ကြားပို့ချခဲ့ပြီး အပြန်အလှန်ဆွေးနွေးခြင်းများ၊ အပတ်စဉ် စကားရည်လုပွဲများ၊ စကားပြောစွမ်းရည်မြှင်တင်ခြင်းများ၊ အုပ်စုဖွဲ့လှုပ်ရှားခြင်းပုံစံဖြင့် သင်ကြားပို့ချခဲ့သည်။
သင်တန်းနောက်ဆုံးနေ့တွင် သင်တန်းသားအားလုံး ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်အတွင်းရှိ ကျေးရွာ/အုပ်စု (၄) စုသို့ အုပ်စုခွဲကာ လက်ရှိနိုင်ငံရေးအခြေအနေများအပေါ် ကျေးရွာတာဝန်ရှိသူများ၊ လူငယ်များနှင့်တွေ့ဆုံ၍ အပြန်အလှန်မျှဝေခြင်းများ၊ ဆွေးနွေးခြင်းများလည်း ပြုလုပ်ခဲ့ကြသည်။
မော်လမြိုင်ကျောင်းသားသမဂ္ဂအဖွဲ့သည် စစ်အာဏာသိမ်းလေးနှစ်တာကာလအတွင်း အကြမ်းဖက်စစ်အုပ်စုနှင့် တိုက်ပွဲဝင်နေသည့် မွန်၊ ကရင် တော်လှန်ရေးအဖွဲ့တို့နှင့် အတူတကွ တိုက်ပွဲဝင်နေသည့်အပြင် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်နိုင်ရေး၊ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးနှင့် မွန်ဒေသအတွင်းရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးမှုများတွင် ပါဝင်လျှက်ရှိသည်။
မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂနှင့် ဒူးပလာယာခရိုင် (တပ်မဟာ – ၆) ခရိုင် ကရင်လူငယ်အစည်းအရုံး – KYO တို့ ဦးဆောင်၍ ပူးပေါင်းဖွင့်လှစ်သည့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေး YDT သင်တန်းအပတ်စဉ် (၂) ကို ယခုနှစ်အတွင်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
IMNA ပေးပို့သည်။