ရခိုင်ပြည်၊ မောင်တောမြို့တွင် တိုက်ပွဲဖြစ်လာမည်စိုးရိမ်ပြီး UN အပါအဝင် နိုင်ငံတကာအန်ဂျီအို (INGO) အဖွဲ့အများစုသည် မြို့ကိုစွန့်ခွာသွားပြီဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။
မောင်တောမြို့မှ INGO ဝန်ထမ်းများသည် ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် မောင်တောမြို့မှထွက်ခွာသွားပြီး ဘူးသီးတောင်မြို့သို့ ရောက်ရှိသွားကြကြောင်းနှင့် ထိုမှတဆင့် စစ်တွေမြို့သို့ ဆက်လက်ထွက်ခွာသွားကြ သည်ဟု မောင်တောမြို့ခံတစ်ဦးက ပြောသည်။
“တိုက်ပွဲ စဖြစ်ကတည်းက တဖြည်းဖြည်းစီ ထွက်ခွာသွားတာမျိုးရှိတယ်။ ဟိုတနေ့က သွားတာကလည်း လူပေါင်း ၁၀ ကျော် ၂၀ ယောက်လောက်ပဲ ရှိမယ်။ မောင်တောကနေ ဘူးသီးတောင်ကို အရင်သွားကြတယ်။ အဲ့ဒီကနေ တဆင့် ကိုယ့်နည်းကိုယ်ဟန်နဲ့ စစ်တွေကို သွားကြမှာ” လို့ အဆိုပါမောင်တောမြို့ခံက ပြောသည်။
UN အပါအဝင် INGO/NGO အဖွဲ့ဝင်များသည် မောင်တောထွေအုပ်ရုံးထံ သွားလာခွင့် ထောက်ခံချက် တောင်းခံပြီး မောင်တော – ဘူးသီးတောင် ကားလမ်းမှတဆင့် စွန့်ခွာသွားကြသည်ဟု မောင်တောမြို့ခံတစ်ဦးက ပြောသည်။
“ကားလမ်းပိတ်ထားပေမယ့် သူတို့ဆီကို သွားလာခွင့် ထောက်ခံချက်တောင်းပြီး သွားကြတာ။ အရင်ကတည်းက တဖြည်းဖြည်း စွန့်ခွာနေကြတာ။ ကိုယ်မြို့ကို ကိုယ်ပြန်ကြတာလည်းရှိတယ်။ အလုပ်လည်း သိပ်မဖြစ်ဘူးဆိုတော့ နိုင်ငံခြား အန်ဂျီအိုတွေမှာလုပ်တဲ့ မောင်တောဒေသခံ အနည်းငယ်လောက်ပဲ ကျန်ခဲ့တယ်။ သူတို့က စစ်တွေကို သွားကြမှာ အဲ့ကနေအခြေနေအရ တခြားနေရာကို သွားရင်သွားမှာပေါ့” ဟု ၎င်းက ပြောသည်။
ထွက်သွားကြသည့် အဖွဲ့များထဲတွင် UNHCR၊ UNICEF၊ UNFPA၊ UNDP၊ UNDSS၊ WFP၊ ACF ၊ BAJ ၊ IOM၊ Malteser ၊ UNDSS ၊ DRC၊ CFSI၊ NRC၊ CSI နှင့် Word Vision တို့ ပါဝင်ပြီး ကျန်ရှိသည့်အဖွဲ့မှာ လက်ရှိတွင် MSF၊ ICRC၊ MRCS ဖြစ်ကြောင်း သိရှိရသည်။
ထို့သို့ထွက်ခွါသွားကြသူများတွင် အဆိုပါအဖွဲအစည်းများမှ နိုင်ငံခြားသားများအားလုံးနှင့် ပြည်မထဲမှ ဝန်ထမ်းများအပြင် မောင်တောခရိုင် ဒေသခံဝန်ထမ်းများပါ ပါဝင်ကြောင်း INGO အဖွဲ့များထံမှ သိရှိရသည်။
၎င်းအဖွဲ့များသည် ဘူးသီးတောင်မှတဆင့် စစ်တွေသို့ အမြန်ယာဉ်ဖြင့် ဖေဖော်ဝါရီ ၁၁ ရက်နေ့ ထွက်ခွာ သွားကြောင်း စုံစမ်းသိရှိရပါသည်။
ယခုကဲ့သို့ ရခိုင်တွင် တနေ့ထက်တနေ့ စစ်ရေးပြင်းထန်နေပြီး စစ်ဘောင်ကျယ်ပြန့်လာသည့်အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ကြသည့် UN နှင့် နိုင်ငံတကာ အကူအညီပေးရေး INGO အဖွဲ့အစည်းများသည် ရခိုင်ပြည်မှ ထွက်ခွာကြရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်းလည်း INGO သတင်းရင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်နေ့က လူနေမြို့ပေါ်နှင့် ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည့် စစ်ကောင်စီ၏ လေကြောင်းရန်မှ ရှောင်ရှားကာကွယ်ရန်အတွက် မောင်တောမြို့မှ UN အပါအဝင် INGO ရုံးများခေါင်မိုးပေါ်တွင် အဖွဲ့အစည်း၏ အမှတ်အသားများ ပြုလုပ်ထားကြကြောင်း သိရသည်။
နိရဉ္စရာ ပေးပို့သည်။