5 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းတိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်မှုကြောင့် ကျောက်ဖြူမြို့ခံအများအပြား နေရပ်စွန့်ခွာနေ

တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်မှုကြောင့် ကျောက်ဖြူမြို့ခံအများအပြား နေရပ်စွန့်ခွာနေ

စစ်ကောင်စီထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပေါ်လာမည်ကို စိုးရိမ်ပြီး မြို့ခံများသည် ကျေးလက်ဒေသများနှင့် ပြည်မဘက်သို့ တိမ်းရှောင်သူ များပြားလာနေကြောင်း သိရသည်။

အာရက္ခတပ်တော် (AA) က အမ်းမြို့ (နပခ) ဌာနချုပ်ကို သိမ်းပိုက်ပြီးနောက် ကျောက်ဖြူမြို့ခံများမှာ တဖြည်းဖြည်းနှင့် မြိုပေါ်မှ တိမ်းရှောင်မှုများရှိခဲ့ရာကနေ ယခုဇန်နဝါရီလဆန်းပိုင်းတွင် ပို၍များပြားလာနေခြင်း ဖြစ်သည်။

“အစကတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်အိမ်မှာပဲနေမယ်ဆိုပြီး ဆုံးဖြတ်ထားတာ။ ဒါပေမဲ့ ကိုယ့်ရပ်ကွက်က လူတော်တော်များများက ရွာဘက်တွေကို သွားကုန်ကြတော့ ကိုယ်လည်းမနေရဲတော့ဘဲ ထွက်လာခဲ့လိုက်တာ” ဟု ကျောက်ဖြူမြို့၊ တောင်ရင်းရပ်ကွက်မှ တိမ်းရှောင်လာသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ကျောက်ဖြူတွင် ပြီးခဲ့သည် ၂၀၂၄ ခုနှစ် အစောပိုင်းမှစ၍ လူဦးရေထက်ဝက်ခန့်မှာ မြို့ပေါ်မှ ထွက်ခွာတိမ်းရှောင် နေကြေသော်လည်း ကျန်းမာရေး၊ ပညာရေးနှင့် နေထိုင်စားသောက်ရေး စသည့် အခက်အခဲများကြောင့် ဇွန်လနောက်ပိုင်းတွင် မြို့ပေါ်သို့ ပြန်လည်ဝင်ရောက်လာမှုများ ရှိခဲ့သည်။

ယခုအခါ ပြန်လည်ဝင်ရောက်နေထိုင်သူများအပြင် ယခင်က မြို့ပေါ်တွင်ကျန်ရှိနေခဲ့သူများပါ ကျေးလက်ဒေသများသို့ ထွက်ခွာတိမ်းရှောင်နေကြသဖြင့် မြို့ပေါ်လူဦးရေ သိသိသာသာ လျော့နည်းသွားကြောင်း သိရသည်။

“အရင်က လူတအားစည်တဲ့ မြို့မဈေးကြီးမှာတောင် ဈေးလာဝယ်သူတွေ မရှိသလောက်ဖြစ်သွားပြီ။ ဈေးအပါအဝင် မြို့ထဲက ဆိုင်ခန်းတွေဆိုရင်လည်း ပိတ်ထားတဲ့ဆိုင်တွေ မနည်းရှိတယ်။ အခုဆို မြို့မှာ ပိုပြီးမှ ခြောက်ကပ်နေလောက်မယ်ထင်တယ်” ဟု ကျောက်ဖြူမြို့မှတိမ်းရှောင်လာသူ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ၌ ကျောက်ဖြူမြို့ကို စစ်ကောင်စီက လုံခြုံရေးဂိတ်များ အထပ်ထပ်ချထားပြီး စစ်ရေးပြင်ဆင်နေကြောင်း သိရသည်။

ထို့အတူ အာရက္ခတပ်တော်ကလည်း ကျောက်ဖြူမြို့ကို ဝန်းရံပိတ်ဆို့ထားပြီး စစ်ရေးပြင်ဆင်မှုများရှိနေကြောင်း ဒေသခံများက ပြောသည်။

ယင်းအထဲက မြို့ခံများမှာ ကိုယ့်နည်း၊ ကိုယ့်ဟန်ဖြင့်၊ ရရာနည်းလမ်းအသုံးပြုကာ ထွက်ခွာနေကြကြောင်းလည်း သိရသည်။

ကျောက်ဖြူတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ ပြင်းထန်တိုက်ပွဲများ မရှိသေးသော်လည်း လက်ရှိ၌ စစ်ကောင်စီသည် မြို့အနီးရှိ ဂုံးချွိန်၊ အုန်းတော၊ မလကျွန်း၊ ပြိုင်းစေ့ကေနှင့် မင်းတပ်တောင် ကျေးရွာတို့ကို လုံခြုံရေးတင်းကြပ်မှုနှင့် ဧည့်စာရင်းစစ်ဆေးမှုများ မကြာခဏ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အောင်ထိန် (DMG) ပေးပို့သည်။