30 ဇွန် 2025 /

See today's Peace Related News

Homeသတင်းတိုက်ပွဲဖြစ်ပွားနေသည့် ဘောလခဲမြို့ပေါ်တွင် ဒေသခံပြည်သူ ၁၀၀ ဝန်းကျင် ကျန်ရှိနေ

တိုက်ပွဲဖြစ်ပွားနေသည့် ဘောလခဲမြို့ပေါ်တွင် ဒေသခံပြည်သူ ၁၀၀ ဝန်းကျင် ကျန်ရှိနေ

ကရင်နီ (ကယား) ပြည်၊ ဘောလခဲမြို့ပေါ်ရှိ စစ်ကောင်စီအခြေစိုက်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေမှုကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်နေချိန် ဘောလခဲမြို့အတွင်း ဒေသခံပြည်သူ ၁၀၀ ဝန်းကျင် ကျန်ရှိနေဆဲဖြစ်ကြောင်း ဘောလခဲဒေသခံများ ပြောဆိုမှုအရသိရသည်။

တိုက်ပွဲ စတင်မဖြစ်ပွားမီ ဘောလခဲမြို့တွင်းရှိဒေသခံပြည်သူတို့ကို ရွေ့ပြောင်းကြရန် တော်လှန်ရေးတပ်ဖွဲ့ဘက် က အသိပေးထုတ်ပြန်ခဲ့ပေမယ့် မြို့တွင်းရှိ အဆိုပါပြည်သူ ၁၀၀ ဝန်းကျင်က ရွေ့ပြောင်းမှုမပြုလုပ်ခဲ့ကြောင်း ဘောလခဲဒေသခံတစ်ဦးက ပြောသည်။

“ထွက်လာဖို့ ကျန်နေကြသေးတဲ့လူတွေက ခံယူချက် ဘယ်လိုရှိလဲတော့ မပြောတတ်ဘူး။ ဘယ်လိုခေါ်ခေါ် ထွက်မလာကြဘူးဖြစ်နေတယ်ပေါ့နော်။ တိုက်ပွဲမဖြစ်ခင် စာထုတ်ထားလဲ ထွက်မလာဘူး။ တချို့တလေပဲ ထွက်လာတယ်” အဆိုပါဒေသခံအမျိုးသားက ပြောသည်။

ဆက်လက်ပြီး ဘောလခဲဒေသခံအမျိုးသားက “တိုက်ပွဲဖြစ်ခါနီးလည်း တချို့တလေပဲ ထွက်လာကြတယ်။ နောက်ဆုံး အခု တိုက်ပွဲဖြစ်နေပြန်တော့လည်း ထွက်လာမလားဆိုပြီး စောင့်နေတာ မထွက်လာကြပြန်ဘူး။ အယောက် ၁၀၀ ဝန်းကျင်လောက်ကျန်မယ်” ဟု ပြောဆိုသည်။

လက်ရှိ မြို့ပေါ်၌ကျန်ရှိနေသူများသည် တိုက်ပွဲအတွင်းပိတ်မိနေသူတို့မဟုတ်ပဲ ကိုယ့်သဘောနှင့်ကိုယ် ကျန်ရစ်ခဲ့ကြသူများဖြစ်ပြီး ကျန်ခဲ့သူတချို့ကို မိသားစုဝင်များကနေ ပြန်လည်ခေါ်ထုတ်ကြသော်လည်း လုံးဝ ထွက်မလာကြသူတို့ ရှိနေကြဆဲဖြစ်ကြောင်း ဘောလခဲဒေသခံအမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။

“ကျမတို့အမျိုးတွေကတော့ စာထုတ်ပြန်ပြီး အတတ်နိုင်ဆုံးထွက်လာခဲ့ကြတယ်။ ကျန်နေခဲ့သူတွေကတော့ သူတို့ ဆွေမျိုးမိသားစုဝင်တွေကနေ ကြိုးစားပြီး အတတ်နိုင်ဆုံးပြန်လာခေါ်ကြတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ လုံးဝ ထွက်မလာသူတွေလည်းရှိတယ်။ လက်ရှိကတော့ ထွက်လာချင်ရင်တောင် ထွက်လာလို့ရောရသေးလားမသိဘူး။ မြေပြင်အခြေအနေလည်း မသိရတော့” ဟု အဆိုပါဒေသခံအမျိုးသမီးက ပြောဆိုသည်။

ဘောလခဲဒေသခံပြည်သူများကို ၁၀ ရက်အတွင်း ရွေ့ပြောင်းသွားကြရန် တော်လှန်ရေးတပ်ပေါင်းစုက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ထုတ်ပြန်ချက်ထုတ် နှိုးဆော် ထားတာရှိပါတယ်။

အဆိုပါ ထုတ်ပြန်စာထုတ်ပြန်ပြီးနောက်ပိုင်း ဒေသခံလူထုအများစုက အခြားနေရာကို ရွှေ့ပြောင်းတိမ်းရှောင်ခဲ့ကြပြီး အနည်းစုသည် လက်ရှိအချိန်ထိ ဘော်လခဲမြို့ပေါ်တွင် ဆက်လက်ကျန်ရှိနေဆဲ ဖြစ်သည်။

လက်ရှိတွင် ဘောလခဲတိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး အသေးစိတ်ကို မသိရှိရသေးသော်လည်း ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့က စစ်သုံးပန်းနှင့် လက်နက်ပစ္စည်းများ ဖမ်းဆီးသိမ်းဆည်းရမိကြောင်း KNDF ဒုစစ်ဦးစစ်ချုပ် မာဝီ၏ ဖေ့ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။