တိုက်ပွဲပြင်းထန်နေတဲ့ ဖယ်ခုံ-ပင်လောင်း နယ်စပ်မှာ လေကြောင်းတိုက်ခိုက်မှု ပြင်းထန်စွာ အသုံးပြုနေဟုဆို

0
410

ပင်လောင်းမြို့နယ်ဖက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေတာ တစ်လကျော်ကြာရှိနေပြီဖြစ်ပြီး စစ်ကောင်စီဖက် လေကြောင်းတိုက်ခိုက်မှု ပြင်းထန်စွာ သုံးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဆိုကြပါတယ်။

မတ်လ (၂၉) ရက်နေ့ ဖယ်ခုံ-ပင်လောင်းနယ်စပ်တစ်နေရာမှာ ဖြစ်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဖက် တိုက်လေယာဉ် (၄) စင်းနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီရက်တိုက်ပွဲမှာ မိုးဗြဲ PDF တပ်ရင်း (၁) ရဲဘော်တစ်ဦး ကျဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရရှိတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

“တိုက်လေယာဉ် တောင်ငူဖက်ကနေလာတာပေါ့။ ၄စင်းလား ၅စင်းလာပေါ့နော။ တိုက်ပွဲမှာ သူတို့ ဘယ်လိုပုံစံနဲ့ တိုက်လဲဆိုတော့ တစ်စီးက အောက်မှာ သူတို့ ချေမှုန်းတယ်။ သူတို့ ဗုံးကြဲပြီးဆို နောက်တစ်စီးက အပေါ်မှာ အသင့်ပေါ့နော။ ပြိုင်လျက်အနေအထားမျိုးပေါ့။ မနားတမ်း ဒီတစ်စီးပြီး နောက်တစ်စီး အဲလိုမျိုးပေါ့နော။ ဗုံးကြဲတဲ့အရေအတွက်ကတော့များတယ်။ တစ်စီးမှာ အနည်းဆုံး ၃ခေါက်လောက်ရှိတယ်ပေါ့နော။ အများဆုံးက ငါးခေါက်ပေါ့။ သူတို့ လေးစီးအထက် ငါးစီးဆိုတော့ အကြိမ် ၂၀ကျော်ကျော်လောက်ရှိမှာပေါ့“ လို့ တိုက်ပွဲမှာ ပါဝင်နေတဲ့ မိုးဗြဲPDF တပ်ရင်း (၂) သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပင်လောင်းနယ်ကိုဖြတ်ပြီး ကရင်နီပြည်ထဲ စစ်ကူပို့ဆောင်တာတွေ လုပ်ဆောင်နေတဲ့အတွက်လည်း ထိတွေ့တိုက်ပွဲဖြစ်ပွားရတာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။

ပင်လောင်းနယ်ဖက် တစ်လကျော်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဖက် နှစ်ရာကျော်သေဆုံးပြီး တစ်ရာကျော် ထိခိုက်ဒဏ်ရာရရှိတာတွေ ရှိတယ်လို့ မိုးဗြဲPDFက သတင်းထုတ်ပြန်ထားတာရှိပါတယ်။ စစ်ကောင်စီဖက် စစ်ကြောင်းထိုးတဲ့တပ်တွေက နယ်မြေကျွမ်းကျင်မှုပိုင်းအားနည်းတာရှိနေသလို အထိနာတာရှိနေတဲ့အတွက် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေကို ပိုမို အသုံးပြုနေတာဖြစ်တယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေက ဆိုကြပါတယ်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖက်မှာလည်း ရဲဘော် (၁၂) ဦးကျဆုံးခဲ့ရပြီး (၁၅) ဦးအထက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဖယ်ခုံ-ပင်လောင်းအစပ် ဆောင်းပြောင်း၊ တောင်မဲသင်း၊ လုံးပျဉ်၊ နမ်းနိန် ကျေးရွာဖက်တကြော နဲ့ ဖယ်ခုံအနောက်ဖက်မှာလည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားတာတွေရှိတယ်လို့ သိရပါတယ်။ လက်ရှိ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကတော့ အမှတ် (၅၁၈) ခြေလျင်တပ်ရင်း ရှိသလို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က လာတဲ့ တပ်ရင်းတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဖယ်ခုံ-ပင်လောင်းဖက်မှာဆိုရင် အနည်းဆုံး စစ်ကောင်စီစစ်ကြောင်း ၃ကြောင်းထိုးစစ်ဆင်နေသလို စစ်ကောင်စီဖက် အင်အားဖြည့်တင်းတာတွေလည်း ရှိနေပါတယ်။ တိုက်ပွဲရက်ရှည်ကြာလာပြီဖြစ်တဲ့အတွက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေအနေနဲ့ ခဲယမ်းတွေ ပိုမိုလိုအပ်လျက်ရှိနေတယ်လို့ မိုးဗြဲPDFတပ်ရင်း (၁) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ကတော့ ပြောချင်တာကတော့ ပင်လည်းပင်ပန်းနေပြီပေါ့နော။ ဒါပေမယ့် ဆက်ပြီးတော့ သွားရမှာပဲ။ လျောက်လှမ်းခဲ့ပြီဆိုတော့ အဆုံးထိသွားမယ်။ သူတို့ ထိုးစစ်ဆင်သမျှပြန်လည်ခုခံတိုက်ခိုက်မယ်။ ဒါပေမယ့် ရဲဘော်တွေလိုအပ်ချက်ကတော့ ကျည် တွေ အများအားဖြင့် ဖြည့်တင်းဖို့လိုအပ်တယ်။ အဲဒါမှ ဆက်ပြီး တိုက်ခိုက်နိုင်မှာဖြစ်တဲ့အတွက် ပြည်တွင်းပြည်ပက တတ်နိုင်တဲ့ ပြည်သူတွေ ကူညီပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်” လို့ မိုးဗြဲPDFတပ်ရင်း (၁) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မတ်လ (၁၁) ရက်နေ့မှာလည်း ပင်လောင်းမြို့နယ် နမ်းနိန်းကျေးရွာ ဘုန်းကြီးကျောင်းမှာ ဘုန်းကြီး ၃ ပါးအပါအဝင် ပြည်သူ ၂၀ ကျော် သတ်ဖြတ်ခံခဲ့ရသလို နေအိမ်တွေလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ အတောအတွင်း ပင်လောင်းဖက်မှာ ပြည်သူ ၅ထောင်ဝန်းကျင်ကလည်း စစ်ရှောင်နေရတာဖြစ်ပြီး စစ်ရှောင်တွေအနေနဲ့ နေအိမ်ပြန်လာတာမျိုးတွေ မလုပ်ဖို့ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (ခမ်းကောင်) PNDF (KK) က ပြန်ကြားရေးတာဝန်ရှိသူ ဘင်ဂျမင်က ဆိုပါတယ်။

“ဒီလို တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ သူတို့တွေအနေနဲ့ ကျနော်တို့ သတိထားစေချင်ပါတယ်။ ရွာထဲပြန်လာပြီးတော့ ဒီလိုမျိုးပစ္စည်းပြန်လာယူတာတို့ အဲလိုမျိုး တွေမလုပ်ကြဖို့ပေါ့။ ကျတော်တို့ဒီက ဘယ်လိုပြောရမလဲဆိုတော့ ဒီ စစ်ကောင်စီအနေနဲ့ ဒီ ရွာသူရွာသားတွေ့ရင် သူတို့အနေနဲ့ က အမြဲတမ်း တွေ့ပြီဆိုတာနဲ့ ရွာသူရွာသားကိုလည်း PDF ဆိုပြီးမှ သတ်ရင်လည်း သတ်နိုင်တယ်။ သူတို့က ဒီလိုမျိုး အခုလောလောဆယ်က လူမျိုးရေး ဘာသာရေး တွေကို အလွဲသုံးစားလုပ်ပြီးတော့မှ သူတို့အနေနဲ့ လူမျိုးရေး ပဋိပက္ခ ဘာသာရေး ပဋိပက္ခ ဖြစ်အောင်လုပ်တဲ့ အတွက် ကျနော်တို့ အနေနဲ့ဒီဟာကို အထူးဂရုစိုက်သင့်ပါတယ်။” လို့ PNDF (KK) က ပြန်ကြားရေးတာဝန်ရှိသူ ဘင်ဂျမင်က ဆိုပါတယ်။

ဖယ်ခုံ-ပင်လောင်းတိုက်ပွဲမှာဆိုရင် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ မိုးဗြဲ PDFတပ်ရင်း (၁) (၂) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ဖယ်ခုံ PDF၊ ဒီးမော့ဆို PDF၊ 1009I PDF၊ 1008 SSRY နဲ့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) တို့ ပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပါတယ်။

ကန္တာရဝတီတိုင်း (မ်)- ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here