တိုက်ပွဲပြင်းထန်တဲ့နေရာတွေ မသွားချင်လို့ မကွေးဒေသခံ စစ်ကောင်စီတပ်က သတင်းမှားဖြန့်နေ

0
392
ပုံစာ - စလင်းနဲ့ပွင့်ဖြူမှာ ဒေသခံစစ်ကောင်စီတပ်က သတင်းမှားဖြန့်နေ။ (Photo-Social Media)

မကွေးတိုင်း၊ စလင်းမြို့နယ်နဲ့ ပွင့်ဖြူမြို့နယ်ရှိ စာသင်ကျောင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ လာရောက်တိုက်ခိုက်ဖို့ ရှိနေတယ်ဆိုတဲ့ စာကပ်ပြီး ဒေသတွင်းစစ်ကောင်စီတပ်က သတင်းမှားဖြန့်နေတယ်လို့ ဒေသခံတွေက ပြောပါသည်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့ကစပြီး စာသင်ကျောင်းတွေမှာ စာလိုက်ကပ်နေတာဖြစ်တဲ့အတွက် ဒေသခံ အရပ်သားတွေဟာ စိုးရိမ်မှုတွေ ရှိနေကြကြောင်း သိရသည်။

မင်းဘူးခရိုင် ပကဖ တာဝန်ရှိသူတစ်ဦးက ဒေသခံစစ်ကောင်စီတပ်ရဲ့ အခုလိုလုပ်ဆောင်နေတာဟာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်းမြောက်ကို မသွားလိုတဲ့အတွက် လုပ်ဆောင်နေတာဖြစ်တယ်လို့ သုံးသပ်ပြောပါသည်။

“သူတို့သဘောကတော့ ခုတိုက်ပွဲဖြစ်နေတဲ့ ညီနောင်သုံးဖော်ရဲ့ဒေသတွေကို မသွားချင်တာကြောင့် ဒါမျိုး လုပ်နေတာ ဖြစ်တယ်။ ဒီစလင်း၊ ပွင့်ဖြူရဲ့ နယ်စပ်တွေကိုလည်း သူတို့အနေနဲ့ အထူးစစ်ဆင်ရေးဆိုပြီး လုပ်လာမယ်လို့ သိထားရတယ်” လို့ မင်းဘူးခရိုင် ပကဖ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒါ့အပြင် ပွင့်ဖြူနဲ့ စလင်းမြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်တွေဟာ လမ်းမတွေဘက်ကို သေနတ်နဲ့ ချိန်ပြီး ကင်းပုန်းဝတ်တာတွေ ရှိနေတဲ့အတွက် ဒေသခံတွေ စိုးရိမ်မှုတွေ ရှိနေတယ်လို့ ပြောဆိုကြသည်။

ပွင့်ဖြူဒေသခံတစ်ဦးက လက်တလောအခြေအနေအရ စျေးရောင်းနားထားရသလို ကလေးတွေကိုလည်း ကျောင်းမပို့ရဲတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ အခုလို ပြောပြသည်။

“အရင်ရက်ကလည်း မြို့ပေါ်လာတိုက်မယ်လို့ ရဲမိသားစုက လာပြောလို့ မြို့ပေါ်စျေးရောင်းကို မသွားရဘူး။ ခုလည်း စာတွေကပ်နေတာဆိုတော့ ကလေးတွေကို ကျောင်းမပို့ဘဲ ထားလိုက်တော့တယ်။ ဘာကြောင့် ဒီလိုလုပ်နေတယ် ဆိုတာတော့ မသိဘူး” လို့ ၎င်းက ပြောသည်။

လက်ရှိ၌ စစ်ကောင်စီတပ်သားတွေက ခရီးသွားကားတွေ အပါအဝင် ပြည်သူတွေကို စစ်ဆေးတာတွေ ဆက်တိုက် လုပ်ဆောင်နေသလို အမျိုးသားလူငယ်တွေကို ပစ်မှတ်ထား ရှာဖွေတာတွေ ရှိနေတဲ့အတွက် ဒေသခံတွေဟာ အခက်အခဲတွေ ကြုံနေရတယ်လို့ ပြောသည်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ နေရာတွေကို လုံခြုံရေးအကြောင်းပြချက်နဲ့ ပိတ်ဆို့တာတွေ လုပ်ဆောင်နေသလို ကင်းပုန်းချထားတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here