မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွတွၚ် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် လမ်းများပိတ်ထားသည့်အတွက် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းက ဒေသခံပြည်သူများ သွားလာရေးအတွက် အခက်အခဲကြုံတွေ့နေရသည်ဟု ဒေသခံတို့ထံမှ သိရသည်။
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ဘက်နှင့် မွန်ပြည်နယ် မုဒုံမြို့နယ်ဘက်သို့ ဆက်သွယ်ထားသည့် ချောင်းနှစ်ခွ တံတားရှိ ဂိတ်နှင့် ချောင်းနှစ်ခွရွာ ရဲစခန်းတို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေး (PDF) ပူးပေါင်းတပ်ဖွဲ့တို့က နိုဝင်ဘာလ ၁၀ ရက်နေ့က ဝင်ရောက်တိုက်ခိုက် ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာခဲ့သည်။
တိုက်ပွဲဖြစ်ပြီးနောက် မုဒုံ-ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီး လမ်းပိုင်းနှင့် မုဒုံ-ချောင်းနှစ်ခွ-တံခွန်တိုင် လမ်းပိုင်းတို့အပြင် ကျေးရွာချင်းဆက် လမ်းပိုင်းများကိုလည်း စစ်ကောင်စီတပ်ဘက်က ပိတ်ထားခဲ့ပြီး အရေးကြီး ကျန်းမာရေးကိစ္စက အစ ဖြတ်သန်းသွားလာခွင့် မပြုကြောင်း ဒေသခံတို့ထံမှ သိရသည်။
“ဦးဇင်းတို့ ဒကာတစ်ယောက်ဆို လက်မောင်းမှာ ၁ လက်မခွဲလောက်နက်တဲ့ ကျည်စဒဏ်ရာရထားတော့ ဦးဇင်းတို့က မြို့တက်ပြီး သွားထုတ်မလို့ကို ဒဏ်ရာနည်းလို့ဆိုပြီး မပေးသွားဘူး။ ရွာမှာက မွန်ပြည်သစ်ပါတီက ဆေးဆရာတစ်ယောက် ရှိနေတော့ တော်သေးတယ်။ သူနဲ့ပဲ အဆင်ပြေသလို ကုနေရတာပေါ့။ ဒဏ်ရာ ကြီးကြီးမားမားရှိမှ ပေးသွားတယ်။ ဝင်ထွက်ဖို့က မလွယ်ဘူး။ ကျွန်းသစ်ကနေ ကဒါထိ ရောက်ပြီးလို့ရှိရင် လမ်းမကြီး လမ်းအသေးအကုန်လုံး ပိတ်ထားတာ” ဟု ဒေသခံဆရာတော်တစ်ပါးက မိန့်ကြားသည်။
မုဒုံ-ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီး လမ်းပိုင်းနှင့် မုဒုံ-ချောင်းနှစ်ခွ-တံခွန်တိုင် လမ်းပိုင်းသည် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်ဘက်နှင့် မွန်ပြည်နယ် မုဒုံမြို့နယ်ဘက်သို့ အဓိက သွားလာအသုံးပြုနေရသည့် လမ်းဖြစ်သည်ဟု ဒေသခံတို့ထံမှ သိရသည်။
ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်းက ထီပေါ့ကလို၊ တောင်ပေါက်၊ ရွှေလအင်း အစရှိသည့် ကျေးရွာများက ဒေသခံပြည်သူများ သွားလာရေးနှင့် စားနပ်ရိက္ခာ သယ်ယူရေးအတွက် အခက်အခဲ ကြုံတွေ့နေရကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထီပေါ့ကလို ကျေးရွာခံတစ်ဦးက ပြောသည်။
“အခုလောလောဆယ်ကတော့ ချောင်းနှစ်ခွလမ်းက ပိတ်ထားတုန်းပါပဲ။ ကျွန်တော်တို့ရွာတွေဘက်ကဆို ဖားတလယ်လမ်းဘက် သွားနေရတယ်။ အဲ့ဘက်လမ်းကကလည်း စစ်ဆေးရေးဂိတ်တွေများ၊ လမ်းလည်းကြမ်း၊ ဝေးလည်းဝေးတော့ အချိန်ပို ကြန့်ကြာတယ်။ စားနပ်ရိက္ခာ အထူးသဖြင့် ဆန်ပေါ့နော် ဆန်ဆိုလည်း ကားတစ်စီးကို ၅ အိတ်၊ ၆ အိတ်လောက်ပဲ တင်ခိုင်းတာ။ အဲ့လိုဆိုတော့ ဈေးတွေ ခုန်တက်တာပဲပေါ့” ဟု ၎င်းဒေသခံက ပြောသည်။
ချောင်းနှစ်ခွ ရဲကင်းစခန်းနှင့် ချောင်းနှစ်ခွ တံတားဂိတ်ကို တော်လှန်းရေး ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက် တိုက်ခိုက်ပြီးနောက် ၎င်းဒေသတွင် တိုက်ပွဲနေ့စဉ် ဖြစ်ပွားနေသည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။
တိုက်ပွဲကြောင့် ချောင်းနှစ်ခွ၊ မယ်တရို၊ တောင်ကလေး၊ ကနာလို၊ ကြံတော၊ အစရှိသည့် ကျေးရွာ ၁၀ ထက် မနည်းက ပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရသလို လမ်းများ ပိတ်ထားသည့်အတွက် ထွက်ပြေးမရဘဲ ပိတ်နေသည့် ဒေသခံများလည်း ရှိနေသည်။
ချောင်းနှစ်ခွ တိုက်ပွဲအတွင်း လက်နက်ကြီးကျည်ထိပြီး ကလေးနှစ်ဦး သေဆုံးသွားခဲ့ပြီး လူထိခိုက် ဒဏ်ရာရတာ၊ လူနေအိမ် ထိခိုက်ပျက်စီးတာတွေလည်း ရှိနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။
IMNA ပေးပို့သည်။