တာမခန်စစ်ဘေးရှောင်များ ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ပါ ဆက်လက်ကြုံတွေ့နေရ

0
131
Photo – Social Media

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာမခန်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည့် စစ်ဘေးရှောင်များမှာ ကုန်စျေးနှုန်းကြီးမှုမြင့်ဒဏ်ကို ကြုံတွေ့နေကြရသည်ဟု စစ်ဘေးရှောင်များက ပြောဆိုသည်။

တာမခန်ကျေးရွာအတွင်း တိုက်ပွဲငြိမ်သက်သွားသော်လည်း နေအိမ်အများစု မီးလောင်ပျက်စီးသွားခြင်းကြောင့် ဟုမ္မလင်းမြို့နယ်အတွင်းမှာသာ ဆက်လက်နေထိုင်ကာ ကုန်စျေးနှုန်းကြီးမြင့်နေသည့်ကြား ရရာလုပ်ငန်းများဖြင့် မိသားစုစားဝတ်နေရေး ရုန်းကန်ဖြေရှင်းနေရကြောင်း စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“ငါတို့ဘက်က ကျောက်ကလေးတွေနဲ့ စျေးရောင်းစျေးဝယ် ဒါပဲရှိတာ ဘာမှမရှိဘူး။ တောင်ယာတောင်ခုတ်ရလား မခုတ်ရလား မသိဘူး။ စျေးရောင်စျေးဝယ်တွေနဲ့ ပတ်ချာလည်နေတာပဲ။ လုပ်စားစရာလည်း မရှိတော့ဘူးပါ့။ လုပ်စားကိုင်စားရတာလည်း ကြပ်တာပါ့” ဟု အဆိုပ ါစစ်ရှောင်အမျိုးသမီးကဆိုသည်။

အလုပ်အကိုင် ရှားပါသည့်အပြင် ကုန်စျေးနှုန်းကြီးမြင့်မှုကြောင့် နေထိုင်စားသောက်ရေးတွင် ပိုကြပ်တည်းခက်ခဲမှုများကို ရင်ဆိုင်ကြုံနေရကြောင်း ဟုမ္မလင်းရောက် တာမခန်စစ်ဘေးရှောင်များက ပြောသည်။

တာမခန်စစ်ဘေးရှောင်တစ်ဦးက “ခရမ်းချဉ်သီးနဲ့ ကြက်ဥ စားနိုင်သူက သူဌေးပဲ။ ကျွန်တော်တို့တောင်မှ မစားရတာ နှစ်လသုံးလ ရှိသွားပြီ။ ကြက်ဥတစ်လုံး တစ်ထောင့်ငါးရာဆိုတော့ မစားနိုင်ဘူး” ဟု ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် စတင်ခဲ့သည့် တိုက်ပွဲများကြောင့် ဖားကန့်၊ တာမခန်ကျေးရွာမှ ဒေသခံအားလုံး စစ်ဘေးတိမ်းရှောင်နေကြရပြီး ဒေသခံအများစုသည် စစ်ကိုင်းတိုင်း-ကချင်ပြည်နယ်စပ်နှင့် မန္တလေးမြို့တို့ကို တိမ်းရှောင်ခဲ့ကြကြောင်း သိရသည်။

တာမခန်စစ်ဘေးရှောင်များသည် ဟုမ္မလင်းမြို့နယ်အတွင်းရှိ နမ့်တောကျေးရွာ၊ ရေပေါ်မီးကျေးရွာ စသည့် ကျေးရွာတို့တွင် အများဆုံး တိမ်းရှောင်နေကြကြောင်း စုံစမ်းသိရသည်။

ဟုမ္မလင်းမြို့နယ်အတွင်း စစ်ကိုင်းတိုင်းအတွင်းနှင့် ကချင်ပြည်နယ်မှ စစ်ဘေးတိမ်းရှောင်လာသူများစွာ ရှိနေသော်လည်း ၎င်းတို့သည် စစ်ဘေးရှောင်သူများဟု ပြောဆိုရန်အတွက် စိုးရွံ့နေကြသလို ကူညီမှုများဆောင်ရွက်မည့် အသင်းအဖွဲ့များ မရှိခြင်းကြောင့် စစ်ရှောင်သူဦးရေ စားရင်းအတိအကျကို မသိရှိရပေ။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here