တာချီလိတ်လေဆိပ်တွင် ခရီးသည်များအား Bio Data ကောက်ယူသွားမည်

0
310

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေဆိပ်တွင် လေယာဉ်နှင့်လိုက်ပါစီးနင်းမည့် ခရီးသည်များအား မျိုးရိုးဗီဇ အချက်အလက် (Biometric Data) ကောက်ယူသွားမည်ဟု လေဆိပ်နှင့်နီးစပ်သူများက ပြောသည်။

ခရီးသည်များ၏ မှတ်ပုံတင်မိတ္တူ၊ လက်ဗွေပုံစံတို့ အပြင် မျက်လုံးနှင့် မျက်နှာတို့ကို လာမည့် ဧပြီလ ၅ ရက်နေ့မှ စတင်၍ ဓါတ်ပုံရိုက်ယူသွားမည် ဖြစ်ကြောင်း၊ သို့သော် အတင်းအကြပ် လုပ်ဆောင်သွားမည် မဟုတ်ဟုလည်း ၎င်းတို့က ဆိုသည်။

လေဆိပ်နှင့်နီးစပ်သူတစ်ဦးက “မပူးပေါင်းချင်လည်း ရတယ်ပေါ့။ အဲ့လို ပြောပေမယ့် တကယ့်ရက်ရောက်တော့မှပဲ ယုံရမှာပါ။ သူတို့က အခုတမျိုး တော်ကြာတမျိုးလေ။ အခုပဲရလိုက် တော်နေကြာ မရလိုက်။ စတဲ့ရက်ရောက်မှ မဖြစ်မနေ လုပ်ပေးရမယ်ဆိုရင်တော့ မတတ်နိုင်ဘူးပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် မတ်လအတွင်း တာချီလိတ်မြို့ရှိ ရပ်ကွက်အချို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) များအား စမတ်ကတ် လဲလှယ်ပေးရာတွင် အချက်အလက်များ လွှဲမှားခဲ့ခြင်းကြောင့် ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ပြီး အချက်အလက်များ တိုက်ဆိုင်စစ်ဆေးလိုသောကြောင့် ဖြစ်သည်ဟု လေဆိပ်ဝန်ထမ်းများက ပြောဆိုသည်။

သို့သော် တာချီလိတ်မြို့ခံများ အနေဖြင့် စစ်မှုထမ်း ခေါ်ယူရန်အတွက် လိုအပ်သော အချက်အလက်များရရှိရေး ကောက်ယူခြင်းသာ ဖြစ်သည်ဟု သုံးသပ်၍ လိုက်ပါစီးနင်းမည့် လူငယ်များအား မပူးပေါင်းကြရန် ပြောဆိုနေ ကြသည်။

တာချီလိတ်မြို့တွင် လေယာဉ်လက်မှတ် ရောင်းချနေသူတစ်ဦးက “ဒီချိန်က ဘန်ကောက်၊ ချင်းမိုင်တို့နဲ့ ရန်ကုန် တိုက်ရိုက်က လေကြောင်း မရတော့ဘူးလေ။ ဆိုတော့က ထိုင်းကိုထွက်မယ့် လူငယ်တွေက တာချီလိတ်တံတား ကနေ ကူးကြတယ်။ ဆုန်ခရမ် (သင်္ကြန်) ကြောင့် လက်မှတ်ကုန်တယ်ဆိုတာက အလကားပြောတာ။ နိုင်ငံပျက် နေတဲ့အချိန် ခရီးထွက်တဲ့သူတွေက အဲ့လောက်မများဘူး။ တော်တော်များများက စစ်မှုထမ်း မဲစာရင်းပါလို့ ထွက်ကြတာ။ စစ်ကောင်စီကလည်း ဒါကို သိလို့ လေဆိပ်မှာစောင့်ပြီး အချက်အလက် ယူတာ။ အနည်းဆုံး သူတို့ ဖမ်းလို့ မရရင်တောင် မိသားစုကို ငွေညှစ်လို့ရတာပေါ့” ဟု ပြောသည်။

ရှမ်းပြည်တစ်ခုလုံးရှိ နိုင်ငံကူးလက်မှတ် (Passport) ထုတ်ပေးရေးရုံးများတွင် လာမည့် ဧပြီလ နောက်ဆုံးအပတ်မှ စတင်၍ မှတ်ပုံတင်များအား စမတ်ကတ် လဲလှယ်ထားမှသာ နိုင်ငံကူးလက်မှတ်ကို ထုတ်ပေးတော့မည်ဟု ထုတ်ပြန်ထားသည်။

သို့သော်လည်း စမတ်ကတ်ပြုလုပ်သည့် လူငယ်အရေအတွက်မှာ ရာခိုင်နှုန်းအားဖြင့် အဆမတန် နည်းနေသေး သည်ဟု လဝကရုံးနှင့် နီးစပ်သူများက ပြောသည်။

တာချီလိတ်လေဆိပ်အား ပြီးခဲ့သည့် မတ်လမှစတင်၍ အဆင့်မြှင့်တင်မှု ပြုလုပ်နေခြင်းကြောင့် အပတ်စဉ်တိုင်း သောကြာ၊ စနေ၊ တနင်္ဂနွေ ၃ ရက်သာ ပြေးဆွဲသွားမည်ဟု လေဆိပ်ဝန်ထမ်းများက ပြောသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here