မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် အသုံးပြုနေသည့် လျှပ်စစ်မီး၊ အင်တာနက်လိုင်းနှင့် စက်သုံးဆီများကို အွန်လိုင်းလောင်းကစား ကျားဖြန့်နှိမ်နင်းရေးဟုပြောဆိုကာ ထိုင်းအာဏာပိုင်များက ဖေဖော်ရီ ၅ ရက် နံနက်ပိုင်းက စတင်ဖြတ်တောက်လိုက်သည်။
ထိုင်းနိုင်ငံမှ ပေးလွှတ်သည့် လျှပ်စစ်မီး ဖြတ်တောက်ခံရသော်လည်း လက်ရှိ၌ တာချီလိတ်မြို့အတွက် မြို့မီးလင်းရေးကော်မတီက လျှပ်စစ်မီး ပြန်ရရှိရန်အတွက် လာအိုနိုင်ငံမှ လျှပ်စစ်ဓာတ်အားလိုင်းများ၊ မီးကြိုးများကို ချိတ်ဆက်နေကြောင်းလည်း သိရသည်။
သျှမ်းပြည်အရှေ့ပိုင်းတွင် ၂၀၂၄ ခုနစ်မှ စတင်အသုံးပြုလာခဲ့သည့်လျှပ်စစ်မီးကို လက်ရှိ ထိုင်းနိုင်ငံမှ ဖြတ်တောက်လိုက်သဖြင့် လာအိုနိုင်ငံမှ ပို့လွှတ်သည့် လျှပ်စစ်ဓာတ်အားကို အပြည့်အဝ ချိတ်ဆက်သွား မည်ဟုလည်း တာချီလိတ်ဒေသခံများက ပြောသည်။
“မြို့မီးလင်းရေးကော်မတီကတော့ လာအိုကနေလာတဲ့ ဓာတ်အားလိုင်းတွေ၊ မီးကြိုးတွေကို ချိတ်ဆက်နေတယ်။ ဒီနေ့ ညနေကျရင် မီးအသုံးပြုနိုင်မယ်” ဟု တာချီလိတ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
မြန်မာ-ထိုင်းနယ်စပ် မယ်ဆိုင်မြို့သို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr.Liu Zhongyi ရောက်ရှိလာပြီး ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ကျားဖြန့်လုပ်ငန်း ကြီးထွားနေသည့် ဒေသဘက်သို့ ဇန်နဝါရီ လနှောင်းမှ စတင်ပြီး ယခုဖေဖော်ဝါရီလဆန်းပိုင်းထိ သွားရောက်ကွင်းဆင်းခဲ့သည်။
ထိုသို့ကွင်းဆင်းပြီးနောက် ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းမှစတင်ကာ ထိုင်းအာဏာပိုင်များက ထိုင်းနိုင်ငံမှ မြန်မာဘက်သို့ တင်ပို့ရောင်းချနေသော လျှပ်စစ်မီး၊ ဖုန်းအင်တာနက်လိုင်း နှင့် စက်သုံးဆီများကို မြန်မာနယ်စပ်တကြော တာချီလိတ်မြို့၊ မြဝတီမြို့နှင့် ဘုရားသုံးဆူမြို့တို့ကို စတင် ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။
ထိုသို့ဖြတ်တောက်လိုက်သည့်အတွက် တာချီလိတ်မြို့ရှိ စက်သုံးဆီဆိုင်များတွင် ပြည်သူများက ဆီကို အလုအယက် ဝယ်ယူနေကြသဖြင့် အချို့ စက်သုံးဆီဆိုင်များ ပိတ်သိမ်းလိုက်ရကြောင်း တာချီလိတ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ထိုင်းကပေးတဲ့ လျှပ်စစ်မီးတွေကတော့ မနက်ကတည်းက ဖြတ်လိုက်ပြီ၊ အချို့နေရာကတော့ မီးလာသေးတယ်။ မီးစက်နှိုးဖို့ စက်သုံးဆီကတော့ အလုအယက်ဝယ်နေပြီ။ အခက်အခဲကတော့ မျိုးစုံပါပဲ” ဟု ယင်းဒေသခံ အမျိုးသားက ဆိုသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့် ငွေလိမ်လုပ်ငန်းများကို ပံ့ပိုးနေသော နေရာ (၅) ခုကို လျှပ်စစ်မီး၊ အင်တာနက်နှင့် လောင်စာဆီထောက်ပံ့မှု ဖြတ်တောက်ရန် ဆုံးဖြတ်ခဲ့ရခြင်းအပေါ် ထိုင်းနိုင်ငံဝန်ကြီးချုပ် Paetongtarn Shinawatra (ပေတောင်တန် ရှင်နာဝပ်) “ကျမတို့ ထိုင်းပြည်သူတွေကို ကာကွယ် စောင့်ရှောက်ရမယ်” ဟု ဆိုသည်။
အွန်လိုင်းကျားဖြန့် နှိမ်နင်းရေးသည် ထိုင်းနိုင်ငံ၏ လျှပ်စစ်မီး၊ အင်တာနက်နှင့် စက်သုံးဆီ ဖြတ်တောက်မှု တစ်ခုတည်းဖြင့် မဖြေရှင်းနိုင်ကြောင်း၊ သျှမ်းပြည်အရှေ့ပိုင်းသည် ရွှေတြိဂံဒေသဖြစ်သည့်အလျောက် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးမရလျှင် လာအိုနိုင်ငံမှတဆင့် ဝယ်ယူတင်သွင်းလာနိုင်ကြောင်း၊ ကျားဖြန့်ကြီးထွားမှုသည် ဆက်လက်ရှိနိုင်ကြောင်းလည်း တာချီလိတ်ဒေသခံများက ပြောသည်။
“လာအိုကလည်း တရုတ်စီမံကိန်းတွေပဲလေ။ ထိုင်းက မီးဖြတ်ရင် လာအိုဘက်က ဝင်မှာပဲ။ မိုင်းဖြတ်ဘက်ဆိုရင် လာအိုမီးယူနေတာကြာပြီ။ အခုလည်း ဒီနေ့မီးဖြတ်လိုက်တယ်၊ မြို့မီးလင်းရေးက လာအိုမီးကြိုးတန်းချိတ်တာပဲ” ဟု တာချီလိတ်မြို့ခံအမျိုးသားက ထပ်လောင်းပြောသည်။
သျှမ်းပြည်အရှေ့ပိုင်းတကြောသည် ထိုင်းနိုင်ငံမှတင်သွင်းသည် ကုန်ပစ္စည်းများနှင့် လောင်စာဆီများကို အဓိက အားကိုးနေရသည့် ဒေသဖြစ်သည်။
ထိုင်းဝန်ကြီးချုပ်သည် ဖေဖော်ရီ ၅ ရက်နေ့တွင် တရုတ်နိုင်ငံသို့ ၄ ရက်တာ ခရီးစဉ် သွားရောက်နေပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း၊ ထိုခရီးစဉ်တွင် ကျားဖြန့်ငွေလိမ်ဂိုဏ်းလုပ်ငန်းနှင့် ပတ်သက်ပြီး တရုတ်အစိုးရခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးသွားရန်ရှိကြောင်း သိရသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။