တရုတ် – မြန်မာနယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်သော်လည်း မြန်မာနိုင်ငံသားများအား သွားလာခွင့်မပြုသေးဟု နယ်စပ်တွင်နေထိုင်သည့် ဒေသခံပြည်သူများနှင့် ကုန်သည်များက ပြောသည်။
ရှမ်းပြည်မြောက်ပိုင်းနှင့် တရုတ်နိုင်ငံသို့ ကုန်သွယ်ရေးပြုလုပ်နေသည့် နယ်စပ်ဂိတ်များအား တရုတ်ဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ပြီဟု ကုန်သည်များက ပြောဆိုသည်။
စစ်ကောင်စီနှင့် ကိုးကန့်တပ်မတော် (MNDAA) တို့အကြား အပစ်အခတ်ရပ်စဲပြီးနောက် ပန်ဆိုင်း – ဝမ်တိန် တံတားအပါအဝင် နယ်စပ်ဂိတ်များအားလုံးကို ဇန်နဝါရီလ ၂၀ ရက်နေ့၊ နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်ဟု ၎င်းတို့က ပြောသည်။
ပြည်တွင်းမှ သစ်သီးကုန်သည်တစ်ဦးက “ချင်းရွှေဟော် – နမ့်ဆန်ဂိတ်၊ ပန်ဆိုင်းနယ်စပ်က ရန်လုံကျိုင်းဂိတ် အကုန်ပွင့်ပြီ။ တရုတ်တွေပဲ ဝင်လို့ရသေးတာ၊ ဗမာ မရဘူး။ ကုန်ပို့လို့တော့ ရပြီ။ ကုန်စည်အရေအတွက်ကတော့ တရုတ်ဘက်က ကန့်သတ်ထားတယ်။ အများကြီးပို့လို့ မရသေးဘူး” ဟု ပြောသည်။
နယ်စပ်ဂိတ်များ ဖွင့်လှစ်ပြီးနောက်ပိုင်း ယခင်ကဲ့သို့ MNDAA က တံဆိပ်တုံးထုပေးခြင်းမရှိတော့ဘဲ စာအုပ်ဖြင့် လူအဝင်/အထွက် စာရင်းများသာ ကောက်ယူထားသည်ဟု ကုန်သည်များက ဆိုသည်။
ဇန်နဝါရီ ၂၁ ရက်နေ့ ကုန်သွယ်ရေးအခြေအနေအရ တရုတ်နိုင်ငံဘက်မှ အိမ်ဆောက်ပစ္စည်း၊ အရက်ဘီယာနှင့် မုန့်မျိုးစုံများသာ အဝင်များနေပြီး မြန်မာဘက်မှ ပို့ကုန်များကို မတွေ့ရသေးဟု ကုန်သည်များက ဆိုကြသည်။
‘ဝ’ ပြည်ရှိကုန်သည်တစ်ဦးက “စမ်းတဝါးဝါးလုပ်နေရတဲ့ အနေအထားပါပဲ။ အခုဖွင့်တာလည်း ဘယ်လောက် ကြာမလဲ မသိဘူး။ နယ်စပ်ဂိတ်တွေတော့ အခုဖွင့်လိုက် ဝုန်းဒိုင်းဆို ပြန်ပိတ်လိုက်ပါပဲ။ ကိုးကန့်ဘက်က တကယ် ဆုတ်ပေးမလားဆိုတာလည်း မသေချာသေးဘူး။ စောင့်ကြည့်ရမှာပါ” ဟု ပြောသည်။
‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းကလည်း တရုတ်ပြည်အစိုးရ၏ အကြောင်းကြားလာမှုအရ MNDAA ထိန်းချုပ်ဒေသတွင်းသို့ ကုန်စည်ဖြတ်သန်းခွင့် ပြုလိုက်ပြီဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ (Facebook) တွင် ရေးသားပြောဆိုထားသည်။
လားရှိုးမြို့ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့၌ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအတွင်း MNDAA က သိမ်းယူပြီးနောက် စစ်ကောင်စီ၏ ဖြတ် ၄ ဖြတ် စစ်ဆင်ရေးတောင်းဆိုမှုအရ နယ်စပ်ဂိတ်များအား ၇ လ နီးပါးကြာသည်အထိ တရုတ်နိုင်ငံမှ ပိတ်ထားခြင်းဖြစ်သည်။
“၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းနှင့် ဒုတိယပိုင်းအတွင်း ကျင်စန်းကျော့၊ ချင်းရွှေဟော်၊ ရန်လုံကျိုင်း၊ မုန်ကိုး၊ နမ့်ခမ်းစသည့် နယ်စပ်ကုန်သွယ်ရေး ဂိတ် ၅ ခုအား စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးခဲ့ရသည်။
NMG ပေးပို့သည်။