တမူး၊ ခမ်းပတ်မြို့အနီး ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု အရပ်သား ၁၇ ဦး သေဆုံး

0
384

စစ်ကိုင်းတိုင်း၊ တမူးခရိုင် ခမ်းပတ်မြို့အနီး ကလေး-တမူး ကားလမ်းမပေါ်က ကနန် (Kanan) ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၇ ဦး သေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

“စာသင်ကျောင်းမှာ လာချတယ်။ အဆောက်အဦးလည်း ပျက်စီးကုန်တယ်၊ ဘောလုံးကန်နေတဲ့ကလေးတွေ ၂ ယောက် ပွဲချင်းဆုံးတယ်၊ ဒုတိယလာချတဲ့အလုံးက တော်တော်လေးထိခိုက်တယ်၊ ဘုရားကျောင်းတက်နေတဲ့ ပြည်သူတွေလည်း တော်တော်ထိတယ်၊ ဆုံးသွားတာက ၁၅ ယောက်ရှိနေပြီ ကလေးတွေများတယ်” ဟု ကနန်ကျေးရွာက ဒေသခံတစ်ဦးကပြောသည်။

ဇန်နဝါရီလ ၇ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ၀န်းကျင်ခန့်တွင် ကနန်ကျေးရွာထဲရှိ စာသင်ကျောင်းနှင့် နှစ်ခြင်းဘုရားကျောင်း အနီးနား၀န်းကျင်ကို စစ်ကောင်စီတပ်က မြေပြင်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ဗုံး ၂ ကြိမ် ကြဲချခဲ့ခြင်းဖြစ်ပြီး အသက် ၁၈ နှစ်အောက်ကလေးငယ် ၆ ဦးနှင့် လူကြီး ၁၁ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

ယင်းသို့လေကြောင်းတိုက်ခိုက်မူကြောင့် ဒေသခံပြည်သူ အယောက် ၃၀ ခန့်မှာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်ဟု ဒေသခံတို့၏ ပြောဆိုမှုအရ သိရသည်။

ကနန်ကျေးရွာခံ နောက်တစ်ဦးက “ဗုံးလာကြဲတဲ့အချိန်က ဘုရားကျောင်းတက်နေတဲ့အချိန်လေ၊ ပထမခေါက် လာကြဲတော့ ဘုရားကျောင်းကနေ ထွက်ပြေးကြတာလေ၊ အဲလိုထွက်ပြေးတဲ့အခါကျတော့ ဒုတိယခေါက်ဗုံးနဲ့ ထိသွားကြတာ။ ဒီနေ့ဆုံးသွားတာ အားလုံးပေါင်း ၁၇ ယောက်၊ ညနေပိုင်းကပဲ သဂြိုလ်လို့ပြီးသွားတာ၊ တရွာလုံး တော်တော်လေး၀မ်းနည်းနေကြတယ်၊ ၀မ်းနည်းကြေကွဲနေကြတာပဲ” ဟု ပြောသည်။

ကနန်ကျေးရွာသည် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် ခမ်းပတ်မြို့နှင့် ကပ်လျက်ရှိသည့် စံပြကျေးရွာတစ်ရွာဖြစ်ပြီး ချင်းလူမျိုးများ နေထိုင်သည့်ရွာလည်း ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့သည် ကနန်ကျေးရွာ နယ်မြေ (၂) အ.ထ.က ခွဲ စာသင်ကျောင်းနှင့် နှစ်ခြင်းဘုရားကျောင်း၀င်းတို့ကို ဗုံးကြဲခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတို့က ပြောဆိုပါသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here