တမူးဒေသ စစ်ရှောင်များအတွက် အကူအညီပေးရန် ခက်ခဲနေ

0
365
ပုံစာ -တမူးဒေသခံစစ်ရှောင်များ အခြေခံအစားအသောက်များရရှိဖို့ခက်ခဲနေ။

တမူးမြို့နယ်၊ ခါမ်းပါတ်မြို့တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် တောတောင်ထဲ ထွက်ပြေးတိမ်းရှောင် နေရသည့် ဒေသခံပြည်သူများအတွက် အခြေခံအစားအသောက် ထောက်ပံ့ပေးနိုင်ရန် ခက်ခဲနေကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူများထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်က စစ်ကောင်စီနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ခါမ်းပါတ်-တမူးလမ်းလမ်းကြောင်းအား ပိတ်ဆို့မှုတွေကြောင့် စစ်ရှောင်များ အတွက် လိုအပ်သည်များကို ကူညီမှုမပေးနိုင်သေးဟု ကူကီးချင်းအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေး အစည်းအရုံးမှ ဆရာမဘွေနူးက ပြောသည်။

“လောလောဆယ် ကျမတို့ ကူညီပေးချင်နေတာတောင် ဘယ်လိုကူညီရမလဲ မသိဘူး။ ကူညီမယ့် ပစ္စည်းတွေ ဘယ်လိုပို့ရမလဲဆိုတာ လမ်းကြောင်းမရှိဘူး ဖြစ်နေတယ်။ တောတောင်မှာ ရှိတဲ့သူတွေနဲ့လည်း အဆက်အသွယ် မရဘူး” ဟု ၎င်းက လက်ရှိအခြေအနေကို ပြောသည်။

တမူးဒေသခံများမှာ တောတောင်ထဲ စစ်ရှောင်နေရသည်မှာ ဆယ်ရက်ကျော်လာပြီဖြစ်သည့်အတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ အာလူး အပါအဝင် အကိုက်အခဲပျောက်ဆေး၊ နှာစီး၊ ချောင်းဆိုး ပျောက်ဆေးစသည့် ဆေးဝါးများအပြင် မိုးကာများလည်း လိုအပ်နေနိုင်သည်ဟု ကူညီနေသူများက ပြောဆိုသည်။

လမ်းကြောင်းများ ပိတ်ဆို့နေမှုကြောင့် အခြေခံစားသောက်ကုန် ထောက်ပံ့ရန် လတ်တလောတွင် ခက်ခဲနေသလို လမ်းကြောင်း ပြန်ဖွင့်ပါက တမူးမြို့အတွင်း ပစ္စည်းများဝယ်ယူရန် ခက်ခဲနေကြောင်း ဆရာမဘွေနူးက ဆိုသည်။

“ကျမတို့ တမူးဘက်မှာလည်း ပစ္စည်းတွေ ပြတ်နေပြီ။ ဝယ်လို့ မရတော့ဘူး၊ လမ်းကြောင်းဖွင့်လို့ ကူညီရမယ် ဆိုရင်တောင် လိုအပ်တဲ့ ပစ္စည်းတွေကို ဘယ်မှာ သွားဝယ်ရမလဲ မသိဘူး။ အဲသလို ခက်ခဲတဲ့ အခြေအနေ ရှိတယ်” ဟု ၎င်းက ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူ ၃၀၀၀ ကျော်သည် နီးစပ်ရာ တောတောင် အိန္ဒိယနယ်စပ် တလျှောက်နှင့် ကလေးမြို့နယ်အတွင်းရှိ Hmuntha, Changelzawl, Letpanchaung နှင့် ကလေးမြို့ပေါ် တာဟန်း ရပ်ကွက်ဘက်သို့ ထွက်ပြေးခိုလှုံနေကြရကြောင်း သိရသည်။

ယင်းစစ်ရှောင်များအနက် အယောက် ၇၀၀ ကျော်သည် အိန္ဒိယ၊ မဏိပူရ်ပြည်နယ်၊ Chandel ခရိုင်ရှိ New Lajang ကျေးရွာ အနီးတဝိုက်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ကြရာ အိန္ဒိယစစ်တပ် အာသံရိုင်ဖယ်တို့က ပြန်လည်မောင်းထုတ်ခဲ့သည်ဟု သတင်းမီဒီယာတချို့တွင် ဖော်ပြထားသည်။

ပြန်မောင်းထုတ်ခံရသော စစ်ဘေးရှောင်များသည် တမူးမြို့နယ်ရှိ ကျေးရွာများတွင် ခိုလှုံနေကြကြောင်း တမူးဒေသခံများထံက သိရသည်။

စစ်ဘေးရှောင်အရေး ကူညီနေသူ တမူးမြို့ခံတစ်ဦးက “ တိုက်ပွဲဖြစ်တဲ့အခါ ပြည်သူတွေက အိန္ဒိယ၊ မဏိပူရ်ဘက်ကို ထွက်ပြေးလာကြတာ ရှိတယ်။ အဲဒီမှာလည်း အိန္ဒိယကလည်း စစ်ဘေးရှောင်တွေကို ပြန်မောင်းထုတ်တာတွေ ရှိတော့ အပြည့်အဝ မကူညီနိုင်သေးဘူး။ အိန္ဒိယ-မြန်မာနယ်စပ်က တောထဲ ပြေးနေသူတွေလည်း ရှိတယ်။ အခြေခံစားသောက်ကုန်တွေ ဘာမှသွားပို့လို့မရဘူး ဖြစ်နေတယ်” ဟု လတ်တလော သူကြုံတွေ့နေရသည့်အခက်အခဲများကို ပြောဆိုသည်။

လက်ရှိတွင် တမူးဘက်ခြမ်း ရောက်ရှိနေသော ကိုယ်ဝန်ဆောင်မိခင်များအတွက်လည်း ဆေးဝါးများလည်း လိုအပ်လျက်ရှိနေသည်ဟု စစ်ဘေးရှောင်အရေး ကူညီနေသူများက ပြောသည်။

ဆရာမဘွေနူးက “ကာကွယ်ဆေးတွေကတော့ မရှိဘူး။ အဓိက ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကာကွယ်ဆေးတွေ၊ ပြီးတော့ ကာကွယ်ဆေးထိုးရမယ့် ကလေးငယ်လေးတွေဆိုလည်း အိန္ဒိယ ဘက်မှာရှိတဲ့ Premiere Hospital Center (PHC) ဆိုတာ ရှိတယ်။ အဲဒီမှာ အခမဲ့ ကုသလို့ရတယ်။ အခုက အိန္ဒိယအခြေအနေကလည်း မကောင်းတော့ ဆေးခန်းတွေကလည်း အမြဲ မဖွင့်တော့ဘူး။ နောက်ပြီးတော့ ဆေးလာကုမယ် ဆိုရင်တောင်မှ ခိုလှုံနေတဲ့ ကျေးရွာကနေ အိန္ဒိယဘက်မှာရှိတဲ့ PHC ဆေးခန်းကို လာဖို့ အဆင်မပြေတာတွေ များတယ်။ ဒါကြောင့် အခုဆိုရင် ကိုယ်ဝန်ဆောင်မိခင်တွေက ဘာဆေးခန်းမှ မရှိဘဲ ကလေးမွေးနေရတဲ့ အခြေအနေတွေ ရှိတယ်” ဟု ပြောသည်။

အလားတူ ကလေးမြို့နယ်အတွင်း စစ်ရှောင်နေကြသည့် စစ်ဘေးရှောင် ပြည်သူအများစုကို ၎င်းတို့ သက်ဆိုင်ရာ လူမျိုးအချင်းချင်းနှင့် ဘာသာရေးအဖွဲ့အစည်းများကသာ ကူညီပေးနေကြောင်း စစ်ဘေးရှောင်များက ဆိုသည်။

ဒေသခံစစ်ရှောင်အများစုမှာ တိုက်ပွဲများ ဖြစ်ပွားခဲ့သော ဇူလိုင် ၂၂ ရက်နေ့နောက်ပိုင်းမှ ထွက်ပြေး တိမ်းရှောင်လာကြသော်လည်း ငွေကြေးမတတ်နိုင်သူများ၊ သက်ကြီးရွယ်အိုနှင့် ကျန်းမာရေး မကောင်းသူတချို့မှာ မရွေ့ပြောင်းနိုင်ဘဲ မြို့တွင် ကျန်ရှိနေသေးသည်ဟု ဒေသခံထံမှ သိရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here