ကချင်ပြည်၊ တနိုင်း – လီဒို လမ်းမပေါ်က ကျေးရွာများရှိ ဒေသခံပြည်သူများသည် စစ်ရေးအခြေအနေကြောင့် လယ်ယာလုပ်ကိုင်နိုင်သူ နည်းပါးလာသည့်အတွက် ဒေသအတွင်း အစားအသောက် ပိုမိုကျပ်တည်းလာနိုင်သည်ဟု ပြောဆိုကြသည်။
လယ်ယာလုပ်ငန်းဖြင့် အဓိက အသက်မွေးဝမ်းကျောင်းပြုနေကြသည့် လီဒိုလမ်းမပေါ်ရှိ နောင်းမီ၊ ဝါရာဇွပ်၊ ရှဒူးဇွပ် စသည့် ကျေးရွာနေပြည်သူများသည် လက်ရှိဖြစ်ပွားနေသော စစ်ရေးအခြေအနေကြောင့် လယ်ယာလုပ်ကိုင်ရန် လုပ်ငန်းခွင်သွားရောက်ရေး ခက်ခဲနေသည့်အခြေအနေကို ရင်ဆိုင်ကြုံနေရသည်ဟု ပြောသည်။
ထိုသို့ ဒေသတွင်း စစ်ရေးအခြေအနေကြောင့် လီဒိုလမ်းမပေါ်ရှိ ဒေသခံတောင်သူများက နှစ်စဉ်လုပ်ကိုင်နေကြ လယ်ယာလုပ်ငန်းများ ရပ်နားလိုက်ကြသည့် အခြေအနေကို ဝါရာဇွပ်ဒေသခံတစ်ဦးက ယခုလို ပြောပါသည်။
“လယ်ယာလုပ်ကိုင်တဲ့သူတွေကလည်း ဖြစ်လာမလားဆိုပြီး တချို့ကတန်းလန်း မစိုက်နိုင်ဘဲ ရပ်နားလိုက်တဲ့သူတွေရှိတယ်။ တချို့ဖြစ်သလို စိုက်လိုက်ရတဲ့သူတွေ ရှိကြတယ်။ အရင်နှစ်တွေလို သေသေချာချာ မလုပ်ရဘူး” ဟု ၎င်းက ပြောသည်။
နောင်မီ၊ ဝါရာဇွပ်၊ ရှဒူးဇွပ် ကျေးရွာတို့တွင် နှစ်စဉ်လယ်စပါးကို ဧကသိန်းချီ စိုက်ပျိုးနိုင်သော နေရာများဖြစ်ပြီး ဧကရာချီ စိုက်ပျိုးနိုင်ကြသည့် တောင်သူများသည် ယခုနှစ်တွင် ဧက ၂၀ နှင့် ၃၀ ကြားသာ စိုက်ပျိုးနိုင်ပြီး တချို့ တောင်သူများမှာ ဧက ၅ ဧကလောက်သာ စိုက်ပျိုးနိုင်ကြသည်ဟု အဆိုပါဝါရာဇွပ်ဒေသခံ ၎င်းက ဆိုသည်။
ယခုလို လယ်ယာလုပ်ငန်းလုပ်ကိုင်သူ နည်းပါးသွားသည့်အတွက် ဒေသအတွင်း လာမည့်နှစ်တွင် အစားအသောက် အခက်အခဲ ပိုမိုကျပ်တည်းလာနိုင်သည်ဟု ဝါရာဇွပ်ဒေသခံများက ပြောဆိုကြသည်။
ဝါရာဇွပ်ဒေသခံတစ်ဦးက “ဒီအခြေအနေမှာ ကျနော်တို့ဒေသခံတွေက ပိုပြီးခက်ခဲလာနိုင်ပါတယ်။ ငွေကြေးတတ်နိုင်ပြီး လုပ်နိုင်တဲ့သူတွေလည်း အရင်းအနှီးအများကြီး ထည့်ထားပြီဖြစ်တဲ့အတွက် ဆန်စျေးနှုန်းတွေက ဒီထက်ပိုပြီး တက်လာဖို့ပဲရှိတယ်။ တချို့ကလည်း တတ်နိုင်သလောက် လုပ်ထားတယ်ဆိုပေမယ့်လည်း နိုင်ငံရေး အခြေအနေကြောင့် သေချာလေးဂရုမစိုက်နိုင်တဲ့အတွက် ထင်သလောက်ထွက်မှာ မဟုတ်ဘူး” ဟု ပြောသည်။
ဝါရာဇွပ်ကျေးရွာ အုပ်စု၊ ရှဒူးဇွပ်ဒေသတွင် တိုက်ပွဲငြိမ်သက်သွားသည်မှာ တစ်နှစ်ကျော် ကြာမြင့်သွားပြီဖြစ်ပေမယ့် ယခုလိုတဖန် ဒေသအတွင်း စစ်ရေးမတည်ငြိမ်မှု ဖြစ်ပေါ်လာတာကြောင့် လယ်ယာလုပ်ငန်းအပြင် တခြားလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်လည်း အခက်အခဲဖြစ်နေသည်ဟု ဆိုသည်။
တဖက်တွင်လည်း ဒေသခံပြည်သူများသည် ကုန်စျေးနှုန်းကြီးမြင့်ဒဏ်ကြောင့် လယ်ယာလုပ်ငန်း၌ စက်သုံးဆီ အသုံးပြုနိုင်သည့်အထိ ငွေကြေးမတတ်နိုင်တာကြောင့် လယ်ယာလုပ်ငန်း လုပ်ကိုင်ကြသူ နည်းပါးသွားကြောင်း ဒေသခံတောင်သူများက ပြောဆိုသည်။
ပြီးခဲ့သည့် မတ်လကစ၍ ကချင်တစ်ပြည်နယ်လုံး အတိုင်းအတာနှင့် မြို့နယ်တချို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်လိုက်ပြီးနောက် တနိုင်း-လီဒို လမ်းမဘက်ကိုလည်း တိုက်ပွဲများ စတင်လာခြင်းဖြစ်သည်။
ထိုအခြေအနေကြောင့် ဝါရာဇွပ်ကျေးရွာ အပါအဝင် ရှဒူးဇွပ်၊ အောင်ရာ၊ စံပြ စသည့် ကျေးရွာနေရာပြည်သူများ မိုးကောင်၊ နမ္မတီးဘက်ကို ကြိုတင်တိမ်းရှောင်နေကြသလို ဒေသခံတချို့သည်လည်း တိမ်းရှောင်ကြရန်နေရာများ အဆင်သင့်ပြင်ဆင်နေကြသည်ဟု သိရသည်။
ယခုလို စစ်ရေးအခြေအနေကြောင့် လီဒိုလမ်းမပေါ်ရှိ ကျေးရွာတချို့တွင် လာမည့်နှစ်သစ်တွင် ရာသီကောက်သစ် စားပွဲ၊ ခရစ္စမတ်ပွဲတို့ကို ပြုလုပ်နိုင်ရန် အလားအလာမရှိဘူးဟုလည်း ဒေသခံတို့အကြား ပြောဆိုနေကြသည်။
KNG ပေးပို့သည်။