တနိုင်းတွင် စက်သုံးဆီစျေးနှုန်း အဆမတန်မြင့်တက်နေ

0
249
ပုံစာ - တနိုင်းမြို့နယ်တွင် စက်သုံးဆီပြတ်လပ်နေသည့် အရောင်းဆိုင်တစ်ဆိုင်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်က စက်သုံးဆီသယ်ယူခွင့်ကို ၁၀ ရက်ကျော်ကြာ ပိတ်ဆို့ထားပြီး ၎င်းတို့ သိုလှောင်ထားသည့် စက်သုံးဆီများကို ပြန်လည်ရောင်းချ ဝင်ငွေရှာနေသည့်အတွက် စက်သုံးဆီဈေးနှုန်းများ အဆမတန် စျေးမြင့်တက်နေသည်ဟု မြို့ခံများ ပြောသည်။

လက်ရှိတွင် တနိုင်းမြို့ပေါ် တရားဝင် စက်သုံးဆီ အရောင်းဆိုင်များဖြစ်သည့် ဒိုးကလေး၊ မင်းထက်သာ၊ ဟိန်းအောင်နှင့် ဆုဝေ စသည့် စက်သုံးဆီဆိုင်ကြီးများတွင် ဆီကားများ အဝင်မရှိသည့်အတွက် စက်သုံးဆီ ပြတ်လပ်ပြီး ဒေသခံပြည်သူများ အခက်အခဲကြုံနေရသည်ဟု တနိုင်းဒေသခံတစ်ဦးက ပြောပါသည်။

“အခုပြည်သူတွေ ဖြစ်နေတာက ဆီမရှိလို့ ဆိုင်ကယ်တွေ တွန်းမောင်းနေရတဲ့ အခြေအနေ ဖြစ်တယ်။ ဒီမှာရှိတဲ့ ဆီဆိုင်ကြီးတွေကလည်း ဆီရောင်းချပေးမယ့်ဟာ မရှိတော့လို့ အကုန်ပိတ်ထားတယ်။ တစ်နေ့ကတော့ ဒိုးလေး ဆီဆိုင်မှာ အကန့်အသတ်နဲ့ ရသေးတာ၊ အခု ဆိုင်တွေလည်း ပိတ်ထားတယ်။ ဒီချိန်မှာက လယ်ယာလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့အချိန် ဖြစ်တယ်။ ဆီတွေပြတ်နေတော့ အရမ်းခက်ခဲနေတယ်။ စစ်တပ်ကနေ ဘယ်လို စီစဉ်နေလဲ ဆိုတာက ကျနော်တို့လည်း မသိဘူး” ဟု ပြောသည်။

စစ်ကောင်စီက ပြီးခဲ့သည့် ဇွန်လကုန်ပိုင်း ၂ ပတ် ခန့်မှ စတင်၍ တနိုင်းမြို့နယ်တွင် စက်သုံးဆီများ၊ ရွှေမှော်သုံး စက်ပစ္စည်းများနှင့် ဆန်များ တင်သွင်းခွင့် ပိတ်ဆို့ခဲ့တာကြောင့် ဇူလိုင် ၃ ရက် နောက်ပိုင်းမှစပြီး တနိုင်းမြို့ပေါ်၌ ရောင်းချပေးနေသည့် စက်သုံးဆီဆိုင်များ ဆီပြတ်လပ်မှု ဖြစ်ပေါ်လာကြောင်း ဒေသခံများ ပြောသည်။

ယခုလို ပိတ်ဆို့ပြီး ဝင်ငွေရှာဖွေရန်အတွက် စစ်ကောင်စီတပ်ဖွဲ့သည် ဧပြီလ ဝန်းကျင်ခန့်က စက်သုံးဆီများကို သယ်ယူ သိုလှောင်ထားခဲ့ပြီး တနိုင်းမြို့ပေါ်နှင့် အနီးတဝိုက် ရွှေမှော်ဒေသရှိ လုပ်ငန်းရှင်များကို ကိုယ်စားလှယ်များဖြင့် ရောင်းချပေးနေသည်ဟု တနိုင်းဒေသခံတစ်ဦးက အခုလို ပြောသည်။

“ဆီကားတွေတော့ မဝင်တော့ဘူး။ ဒါပေမယ့် ဆီက လုံးဝပြတ်သွားတာ မဟုတ်ဘူး။ သူ့ဟာနဲ့ သူက လည်နေတာပေါ့လေ။ အခုက စစ်တပ်က သူတို့သယ်လှောင်ထားတဲ့ ဆီတွေကို ကိုယ်စားလှယ်တွေနဲ့ ပြန်ရောင်းချ ပေးနေတာ။ ဆိုင်တွေမှာ ဆီတွေ ပြတ်သွားတော့ နီးစပ်ရာ ရောင်းနေတဲ့ နေရာတွေမှာ နည်းနည်းစီ လိုက်ဝယ်ရတယ်။ အဲ့ကနေ မဝယ်ရင်လည်း ဘယ်ကနေမှ မရဘူးလေ။ ပြောရမယ်ဆိုရင် သူ့ဝင်ငွေရှာယူတဲ့ သဘောပေါ့လေ” ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်၌ တနိုင်းမြို့ပေါ်တွင် စစ်သုံးဆီ တစ်လီတာရှိ တစ်ဗူးကို တစ်သောင်းကျပ်၊ တစ်ဂါလံကို ကျပ် ၄ သောင်းဝန်းကျင်နှင့် ဆီတစ်ပေပါလျှင် ကျပ် ၁၂ သိန်း ဝန်းကျင် အထိ ပေးဝယ်အသုံးပြုနေကြောင်း တနိုင်းမြို့ခံများက ပြောသည်။

ထိုသို့ စက်သုံးဆီ သယ်ယူရာ၌ ပိတ်ဆို့မှုများ ရှိခဲ့သော်လည်း ဒေသခံ ပြည်သူများသည် ဆီပုံးအသေးများ၊ အိမ်စီးကားများနှင့် စစ်ကောင်စီ တပ်ဂိတ်နေရာတွင် ငွေကြေးပေးဆောင်၍ သယ်ယူမှုများ ရှိခဲ့သည့်အတွက် တနိုင်းမြို့ပေါ်တွင် ၂ ပတ်ဝန်းကျင်အထိ စက်သုံးဆီလည်ပတ်မှု ရှိခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။

ဇူလိုင်လ ၆ ရက်နေ့ နောက်ပိုင်းမှစပြီး ယင်းကဲ့သို့ သယ်ယူခွင့်များကိုပါ ထပ်မံတင်းကြပ်လိုက်သည့် အတွက် တနိုင်းမြို့ပေါ်တွင် စက်ဆုံးဆီ လုံးဝပြတ်လပ်သွားပြီး လုပ်ငန်းရှင်တချို့က စစ်တပ်က ကိုယ်စားလှယ်များဖြင့် ရောင်းချခိုင်းနေသည့် သူများထံမှ ယခင်မူလ စျေးနှုန်းထက် ၂ ဆပေး ဝယ်ယူအသုံးပြုနေရကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် တနိုင်းမြို့နယ်အတွင်းရှိသော ရွှေမှော်ဒေသရှိ လုပ်ငန်းရှင်များထံမှ ဝင်ငွေရရှိရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေသည့်အပေါ်မှာ ဒေသခံပြည်သူများအတွက် ခက်ခက်ခဲခဲ ရင်ဆိုင်ကြုံတွေ့နေရသည်ဟု သူကဆက်ဆိုသည်။

ယခုလို စက်သုံးဆီများ သယ်ယူခွင့်ကို ပိတ်ဆို့ရန်အတွက် စစ်ကောင်စီတပ်ဖွဲ့က ပြီးခဲ့သည့် ဇွန်လ ၂၅၊ ၂၆ ရက်နေ့မှ စတင်ပြီး တနိုင်း-လီဒို လမ်းပေါ်နှင့် တနိုင်းမြို့တွင်း နေရာများတွင် လိုင်စင်မဲ့ကားများကို ဖမ်းဆီးမှု ပြုလုပ်ခဲ့ပြီးနောက် ဇူလိုင်လဆန်းတွင် စက်သုံးဆီများ သယ်ယူခွင့် ပိတ်ဆို့လိုက်ခြင်း ဖြစ်သည်။

ယင်းအပြင် စက်သုံးဆီများ သယ်ယူခွင့် မပြုရန် တနိုင်း-လီဒို လမ်းမပေါ်တွင်ရှိသည့် ရှဒူးဇွပ်၊ နန့်ဖျက်၊ အောင်ရာ၊ တနိုင်းမြို့အဝင် ၅ မိုင် စသည့် စစ်တပ်ဂိတ် နေရာတွင် စစ်ကောင်စီတပ်ဖွဲ့က အဝင်အထွက် စစ်ဆေးရေး တင်းကြပ်ထားဆဲ ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here