တနင်္သာရီမြို့နယ်၊ သမီးလှကျေးရွာအနီး ဖြစ်ပွားခဲ့သည့် ၅ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဆေးဗိုလ် ၁ ဦး အပါအဝင် ၅ ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိသည်ဟု ဘက်မလိုက် ပြောက်ကျားတပ်ဖွဲ့ – တနင်္သာရီက သတင်းထုတ်ပြန်သည်။
“စစ်ကောင်စီရဲ့ ဆေးတပ်ဗိုလ်ကို စနိုက်ပါနဲ့ စပြီး ပစ်လိုက်တာပါ ပွဲချင်းပြီးပဲ။ သူတို့ဘက်က ပြန်ပစ်ပါတယ်။ နှစ် ဘက် ပစ်ခတ်မှုအတွင်းမှာ နောက်ထပ် အခြားအဆင့် ၄ ယောက် ထပ်ပြီးသေတယ်” ဟု ဘက်မလိုက် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီ၏ တနင်္သာရီ အခြေစိုက် ခမရ ၅၅၈ တပ်ရင်း စစ်ကြောင်းမှ နယ်မြေ စိုးမိုးရေးနှင့် ရှင်းလင်းရေး အတွက် ဇွန်လ ၁၆ ရက် မှ စတင်၍ သကျက်ကျေးရွာအုပ်စု၊ ဘန်ကြုတ်ကျေးရွာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
အင်အား ၆၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို KTLA-tcjf၊ ဘက်မလိုက် ပြောက်ကျားတပ်ဖွဲ့၊ SWDF၊ မြိတ် (ပကဖ)၊ မြိတ်ခရိုင် တပ်ရင်း (၂) ဒရုန်းတပ်ဖွဲ့၊ တောဗုံးကြီးအဖွဲ့တို့ ပူးပေါင်းပြီး ဇွန်လ ၁၇ ရက် မှ ၂၀ ရက် အထိ နှစ်ဘက် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါ တိုက်ပွဲများအတွင်း ဒရုန်းဖြင့် တိုက်ခိုက်ခြင်းများအပြင် မြေပြင်တိုက်ခိုက်မှုများကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ သည်ဟု ဖေါ်ပြထားသည်။
လက်နက်ကြီး ပစ်ကူပြီး သမီးလှကျေးရွာ အတွင်းသို့ ဝင်ရောက်လာသည့် စစ်ကောင်စီ စစ်ကြောင်းက ကော်တော ကျေးရွာသို့ ဆက်လက်သွားရောက်ရန် ပြင်ဆင်နေချိန် PDF မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များမှ ဇွန်လ ၁၇ ရက် နံနက်ပိုင်းတွင် စတင်သွားရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
သမီးလှကျေးရွာ အတွင်း ရှိနေသည့် စစ်ကောင်စီတပ်ကို ဇွန်လ ၁၉ ရက် အထိ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး ရွာအနီးရှိ တောင်ကြောပေါ်သို့ ဆုတ်ခွာ ခိုအောင်းသွားသည့် စစ်ကောင်စီတပ်ကို မြိတ်ခရိုင် ဒရုန်းတပ်ဖွဲ့က ၄ ကြိမ် တိုင် ဗုံးသီးချ တိုက်ခဲ့ပြီးနောက် သွားရောက်ရှင်းလင်းရာတွင် အီနာဂါဗုံးသီး ၄ လုံးနှင့် အခြားစစ်သုံး ပစ္စည်းများကို သိမ်းဆည်းရခဲ့ကြောင်း ဘက်မလိုက်ပြောက်ကျားအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးများကြောင့် ဒေသခံ ၄ ဦး အပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၃ လုံး ထက်မနည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ဇွန်လ ၁၉ ရက် ညနေပိုင်းကလည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ တနင်္သာရီမြို့နယ်၊ ရေပေါ်ကျေးရွာကို ညောင်ပင်ကွင်းကျေးရွာ အခြေစိုက် စစ်ကောင်စီတပ် ခမရ – ၅၆၁ တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ် ခဲ့ခြင်းကြောင့် ဘုရားစေတီများ ထိခိုက်ပျက်စီးခဲ့ပြီး သက်ကြီးပိုင်း အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စ ထိမှန် ခဲ့သည်ဟု ဒေသခံများက ပြောသည်။
တိုက်ပွဲများ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် ညောင်ပင်ကွင်း၊ ခြောက်မိုင်၊ ဆင်ခေါင်း၊ ဘန်လော၊ ဘန်လင်၊ သမီးလှ၊ ကော်တော၊ ရေပေါ်၊ ဘန်ကြုတ်၊ သကျက်နှင့် ကျွဲထိန်း ကုန်း ကျေးရွာများမှ ဒေသခံ တစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင် နေကြရသည်။
NMG ပေးပို့သည်။