တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်းခွန်ကျေးရွာအနီး တနင်္သာရီ-မောတောင်လမ်းတွင် ဧပြီ ၁၀ ရက်နေ့က တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့ပြီး လက်နက်တချို့ သိမ်းဆည်းရမိခဲ့သည်ဟု မြိတ်ခရိုင်ပကဖတာဝန်ရှိသူတို့က ပြောသည်။
ဧပြီ ၁၀ ရက်နေ့ မွန်းတည့် ၁၂ နာရီကျော်က ခလရ ၂၆၅ တပ်ရင်းမှ စစ်ကောင်စီအင်အား ၅၀ ကျော် စစ်ကြောင်းထိုးလာချိန် KNLA ပူးပေါင်းတပ်တို့က စောင့်ကြိုတိုက်ခိုက်ရာ၌ နှစ်ဖက်တိုက်ပွဲ ၂ နာရီနီးပါး ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က အထိနာပြီး နောက်ပြန်ဆုတ်သွားသည်ဟု မြိတ်ခရိုင်ပကဖတာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးပြီး MA1 တစ်လက်၊ ကျည်ဘောက် ၁၁ ခု၊ ၆၀ မမ ကျည် ၂ လုံး၊ RPG ကျည် ၂ လုံး၊ M79 ကျည် ၉ လုံး၊ လက်ပစ်ဗုံး ၃ လုံး၊ M14 ဗုံး ၄ လုံး၊ တိုက်မိုင်း ၂ လုံး၊ ၈၁ မမ ကျည် ၁ လုံးနဲ့ ကျည်ဆန် ၅.၅၆ (၅၃၀) တောင့် သိမ်းဆည်းရမိထားသည်ဟု ၎င်းက ဆက်ပြောသည်။
ဧပြီ ၁၁ ရက်တွင်လည်း စစ်ကောင်စီတပ်ဘက်က ဆက်တိုးလာတာကြောင့် သိန်းခွန်ရွာအနီး တိုက်ပွဲထပ်ဖြစ်ပွားနေပြီး ထိခိုက်မှုအခြေအနေ မသိရသေးဘူးဟု ၎င်းက ဆိုသည်။
ဧပြီလ ၉ ရက်နေ့ကလည်း သိန်းခွန်ရွာအနီး၌ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ ၂ ကြိမ် ဗုံး ၆ လုံး ကြဲချခဲ့ပေမယ့် ပူးပေါင်းတပ်များဘက်က ထိခိုက်သူမရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ ၅ ရက်နေ့က တနင်္သာရီမြို့နယ် ချောင်းနောက်ပြန်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲပစ်ခတ်တာကြောင့် ရဲဘော် ၂ ဦး ဒဏ်ရာရရှိခဲ့သေးသည်။
သံလွင်တိုင်းမ် ပေးပို့သည်။