တနင်္သာရီ၊ ထုံခါ – မောတောင် ကုန်သွယ်ရေးလမ်း ဖြတ်သန်းသွားခွင့်ပိတ်

0
164
Photo - CJ

ထိုင်း – မြန်မာနယ်စပ်ဖြစ်သည့် တနင်္သာရီမြို့နယ်၊ မောတောင်မြို့တွင် စစ်ကောင်စီတပ် စစ်ရေးပြင်ဆင်မှုများ ပြုလုပ်လာတာကြောင့် ထုံခါ – မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းကို ဒီဇင်ဘာ ၆ ရက်နေ့ကစပြီး ဖြတ်သန်းခွင့်မပြုတော့ဘူးဟု ဒေသအခြေစိုက် ကော်သူးလေတပ်မတော် KTLA က အသိပေးထုတ်ပြန်သည်။

မောတောင်မြို့တွင် စစ်ကောင်စီတပ်သားများက စစ်ရေးပြင်ဆင်မှု ပြုလုပ်လာသည့်အပြင် ပျူစောထီး စစ်သင်တန်းအား အဓမ္မတပ်သားစုဆောင်းကာ သင်တန်းပေးနေပြီး မြို့အပြင်ဘက် ဘုရားတောင်ကုန်းတွင်လည်း လက်နက်ကြီးအထိုင်ချကာ လာရောက်တပ်စွဲနေသည်ဟု ဆိုသည်။

ထိုအခြေအနေကြောင့် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ကောင်စီတပ် ရှေ့ထပ်တိုးဝင်ရောက်၍မရအောင် လိုအပ်သည့် စစ်ရေးပြင်ဆင်မှုကို မောတောင်မြို့အနီး မလွှဲသာမရှောင်သာ ပြုလုပ်ခဲ့ရသည်ဟုဆိုသည်။

ယင်းအပြင် စစ်ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့များကို ဒီဇင်ဘာ ၃ ရက်နေ့ကစပြီး သုံးရက်အတွင်း မိမိတို့နေရာမှ ပြန်လည်ဆုတ်ခွာပေးရန်နှင့် ဆုတ်ခွာမှုမရှိပါက စစ်ရေးအရ အရေးယူတုံ့ပြန်သွားမည်ဟု ခြိမ်းခြောက်အကြောင်းကြားလာသည်ဟု ကော်သူးလေတပ်မတော်က ပြောသည်။

ယခုလို စစ်ကောင်စီက ခြိမ်းခြောက်မှုအပေါ် တော်လှန်ရေးတပ်ဖွဲ့များအနေနှင့် ဆုတ်ခွာပေးမည်မဟုတ်ဘဲ စစ်ကောင်စီ၊ ပျူစောထီး စစ်သင်တန်းပေးမှု၊ မြို့ပြင်ဘုရားတောင်ကုန်း၌ တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်သားတို့၏ အခြေအနေအပေါ် စောင့်ကြည်တုံ့ပြန်သွားမည်ဟု အသိပေးထားသည်။

လက်ရှိတွင်လည်း မောတောင်မြို့အနီးပတ်ဝန်းကျင်တွင် တော်လှန်ရေးတပ်တို့နှင့် စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်စစ်ရေးတင်းမာနေပြီး အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်သည်ဟု ကော်သူးလေတပ်မတော်က ထုတ်ပြန်ထားသည်။

နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားချိန်တွင် ပြည်သူများအနေနှင့် စစ်ဘေးဒဏ်ကြောင့် ထိခိုက်မှုမရှိအောင် ဒီဇင်ဘာ ၆ ရက်နေ့ကစပြီး ထုံခါ – မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းကို ဖြတ်သန်းခွင့်မပြုတော့သည့်အပြင် ဖြတ်သန်းခွင့်ပြုမည့်အချိန်ကို ထပ်မံအသိပေးထုတ်ပြန်သွားမည်ဟု ပြောဆိုထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here