တနင်္သာရီ၊ ညောင်ပင်ကွင်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်း ၂ ခု တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံး

0
218
Photo -မြိတ်ခရိုင် အမှတ် (၂) တပ်ရင်း

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်း အခြေစိုက် ခမရ-၅၆၁ တပ်နှင့် ညောင်ပင်ကွင်းကျေးရွာ စစ်ဆေးရေးတံတားဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း မြိတ်ခရိုင် အမှတ်(၂) တပ်ရင်းက သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကို ဇန်နဝါရီ ၁၅ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ပြုလုပ်ခဲ့တာဖြစ်ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲ ၃ နာရီ နီးပါးကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးကာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ဘက်က ရဲဘော် ၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု မြိတ်ခရိုင် အမှတ်(၂) တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

ထို့ပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို နေအိမ် ၃ လုံးလည်း ထိမှန်ပျက်ဆီးခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

အလားတူ ဇန်နဝါရီ ၁၆ ရက်နေ့ကလည်း အဆိုပါ ညောင်ပင်ကွင်းကျေးရွာ စစ်ဆေးရေးတံတားဂိတ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များက ထပ်မံ တိုက်ခိုက်ခဲ့ရာတွင် ညောင်ပင်ကွင်းအခြေစိုက် ခမရ-၅၆၁ တပ်ရင်းက လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်မှုတွေ ယနေ့အထိ လုပ်ဆောင်နေသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်တာကြောင့် ညောင်ပင်ကွင်း၊ ရေဖြူနှင့် ရှမ်းအင်းတော် အပါအဝင် အနီးအနားကျေးရွာများမှ ဒေသခံများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း တနင်္သာရီပကဖ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

နှစ်ဖက်စစ်ရေးတင်းမာနေသည့် တနင်္သာရီမြို့နယ်တွင် တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားလာနိုင်သောကြောင့် ပြည်သူများအနေဖြင့် စစ်ရေးသတိရှိကြရန်နှင့် ခရီးသွားပြည်သူများ၏ လုံခြုံရေးကို ရှေးရှုကြရန် တနင်္သာရီပကဖ က အသိပေး တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ဒေသပြည်သူကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၈၉ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသတွင်းသုတေသနအဖွဲ့ ဖြစ်သည့် FE5 Tanintharyi ၏ ထုတ်ပြန်ချက်အရ သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here