တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ပဝရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီး အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ဒေသခံ ၃၀၀၀ ကျော် ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ကြရသည်ဟု တနင်္သာမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါသည်။
ဇွန် ၂၆ ရက် ညနေ ၇ နာရီခန့်က မော်တုံးကျေးရွာအခြေစိုက် စစ်ကောင်စီ အမှတ် ၃၁၆ အမြောက်တပ်မှ ပဝကျေးရွာထဲသို့ လက်နက်ကြီး ၅ လုံး ထက်မနည်း အကြောင်းမဲ့ ပစ်ခတ်တာကြောင့် ပဝကျေးရွာခံများနှင့် စစ်ဘေးရှောင်သူများ ညတွင်းချင်း ဘေးလွတ်ရာ နေရာများကို ထွက်ပြေးတိမ်းရှောင်ရတယ်လို့ ဒေသခံများနဲ့ ပကဖ တာဝန်ရှိသူတွေ ပြောဆိုချက်အရ သိရသည်။
ပဝရွာသည် အိမ်ခြေ ၁၀၀၀ နီးပါး ရှိသော ကျေးရွာကြီးဖြစ်ပြီး ဒေသတွင်း တိုက်ပွဲတွေကြောင့် အခြားကျေးရွာများကနေ စစ်ဘေးလာရှောင်များလည်း နေထိုင်ကြကြောင်း ၎င်းတို့က ပြောသည်။
ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဒေသခံတွေဟာ လက်ရှိမှာ အရေးပေါ် စားနပ်ရိက္ခာ အပါအဝင် လူသားချင်းစာနာမှုအကူအညီများ လိုအပ်နေကြောင်း တနင်္သာမြို့နယ် ပကဖတာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်အုပ်ချုပ်ရေး ကြေညာထားသည့် တနင်္သာရီမြို့နယ်တွင် ဇွန် ၁၇ ရက်မှ ၁၉ ရက် အထိ ဖြစ်ပွားခဲ့သည့် နှစ်ဘက် တိုက်ပွဲများကြောင့် ဘန်လော၊ သမီးလှ၊ ညောင်ပင်ကွင်း၊ ဆင်ခေါင်းကျေးရွာ အပါအဝင် ကျေးရွာ ၁၀ ရွာက ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။