5 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းတနင်္သာရီမြို့ရှိ ကျေးရွာ၂ ရွာကို စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသမီး ၅ ဦး ဒဏ်ရာရပြီး နေအိမ်တချို့ မီးလောင်

တနင်္သာရီမြို့ရှိ ကျေးရွာ၂ ရွာကို စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသမီး ၅ ဦး ဒဏ်ရာရပြီး နေအိမ်တချို့ မီးလောင်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ ကျေးရွာနှစ်ရွာတွင် စစ်ကောင်စီတပ်က လက်နက်ကြီးအပါအဝင် ဒရုန်းနှင့် တိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသမီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

တနင်္သာရီမြို့ရှိ မော်တုန်းအခြေစိုက်စစ်ကောင်စီ အမှတ် ၃၀၆ အမြောက်တပ်ကနေ ဇန်နဝါရီ ၂၉ ရက်နေ့ ညနေ ၃ လောက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လယ်တောင်ယာရွာနှင် ညောင်ပင်ကုန်းကျေးရွာထဲကို လက်နက်ကြီးအပါအဝင် ဒရုန်းများနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။

ဒေသခံတစ်ဦးက “စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တစ်လုံး လယ်တောင်ယာကျေးရွာက နေအိမ်တစ်ဆောင်ပေါ်မှာ ကျပေါက်ကွဲခဲ့ပြီး ခဏအကြာမှာပဲ အဲဒီအိမ်ပေါ်ကို ဒရုန်းနဲ့ထပ်မံ ဗုံးကြဲချတိုက်ခိုက်ခဲ့တာ” ဟု ပြောသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် လယ်တောင်ယာရွာက အသက် ၁၀ နှစ်ကျော်အရွယ် ၅ တန်းကျောင်းသူတစ်ဦးအပါအဝင် အမျိုးသမီး ၅ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ယင်းတို့ထဲက တစ်ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့ပြီး နေအိမ်တစ်ဆောင်လည်း မီးလောင်ပျက်စီးခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးနှင့် ဒရုန်းဗုံး ထိမှန်ဒဏ်ရာရရှိသည့် ဒေသခံများကို PDF များ သွားလာလှုပ်ရှားသည့် ကျေးရွာနေထိုင်သူများဟုဆိုပြီး စစ်ကောင်စီက တနင်္သာရီမြို့နယ်ဆေးရုံတွင် ဆေးဝါးကုသခွင့်မပေးကြောင်း သိရသည်။

ယင်းနေ့ ညနေ ၅ နာရီခွဲခန့်တွင်လည်း မော်တုန်းအခြေစိုက် အမှတ် ၃၀၆ အမြောက်တပ်ကနေ ညောင်ပင်ကုန်းကျေးရွာကို ဒရုန်းနှင့် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၂ ဆောင် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်ရှိ ပဝကျေးရွာနှင့် အရှေ့သာရဖုံကျေးရွာတို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးနှင့်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံအမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

တဖက်တွင်လည်း တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အောက်ဘက်ကို ဇန်နဝါရီ ၂၇ ရက်နေ့တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ကျေးရွာ ၇ ရွာက ဒေသခံ ၂၀၀၀ ကျော်သည် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်