တနင်္သာရီမြို့နယ်အခြေစိုက် ခမရ ၅၆၁ တပ်ရင်းနှင့်စရဖရုံး တိုက်ခိုက်ခံရ

0
466
ပုံစာ - တနင်္သာရီတိုင်းရှိ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ။ ပုံစာ - (Photo-Social Media)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် ခမရ ၅၆၁ တပ်ရင်းနှင့် မြို့နယ်စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံး တို့ကို လက်နက်ကြီး၊ လက်နက်ငယ်များနှင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး အင်အားစုများထံမှ သိရသည်။

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာအခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၅၆၁ တပ်ရင်းကို သြဂုတ် ၁ ရက်နေ့ နေ့လည်ပိုင်းတွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု မိနစ် ၂၀ နီးပါး အကြာ ဖြစ်ပွားပြီးနောက် ပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက် တစုံတရာမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဘက်မလိုက်ပြောက် ကျားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းနေ့ ညနေပိုင်းတွင်လည်း တနင်္သာရီမြို့ ကမ်းနားလမ်းရှိ စစ်ကောင်စီ၏ မြို့နယ်စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ) ရုံးကို ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးနှင့် သွားရောက်တိုက်ခိုက်ခဲ့သည်ဟု အဆိုပါတာဝန်ရှိသူက ဆက်ပြောဆိုသည်။

စစ်ကောင်စီတပ်ရင်းနှင့် စရဖရုံး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိနိုင်သော်လည်း မြေပြင်အခြေအနေ အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ကြောင်း ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ပြောသည်။

ယင်းသို့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ရင်းက လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်တာကြောင့် တနင်္သာရီမြို့ပေါ်ရှိ ဒေသခံပြည်သူ နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း မြို့ခံများက ပြောဆိုသည်။

တနင်္သာရီတိုင်းထဲတွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့ကြား နှစ်ဖက်တိုက်ပွဲ အကြိမ် ၅၀ ထက် မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိနာခဲ့ကြောင်း ဒေသတွင်း သုတေသန အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များအရ သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here