တနင်္သာရီမြို့နယ်တွင် တစ်ရက်တည်း တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွား

0
339
ပုံစာ - သိမ်းဆည်းရမိသည့် စစ်ကောင်စီလက်နက်နဲ့ကျည်တချို့ (photo -ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့)

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် ဇူလိုင် ၂ ရက် တစ်ရက်တည်းမှာပင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ အကြား တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဘက်မလိုက် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

ညောင်ပင်ကွင်းအခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၅၆၁) က သကျက်တောကျေးရွာထဲသို့ စစ်ကြောင်းထိုးလာခြင်းကြောင့် တနေ့ကုန်နီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲသည် သကျက်တော၊ လငုနှင့် တောင်ဘိန်း ကျေးရွာများအထိ စစ်မျက်နှာကျယ်ပြန့်ခဲ့ပြီး ထိတွေ့တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီဘက်က ၅ ဦး ထက် မနည်း ထိခိုက်သေဆုံးနိုင်ကြောင်း ဘက်မလိုက် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မြိတ်ခရိုင်တပ်ရင်း – ၂ ၊ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ အပါအဝင် PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

နှစ်ဘက်တိုက်ပွဲကြောင့် သကျက်တော၊ လငုနှင့် တောင်ဘိန်းကျေးရွာများအပါအဝင် အနီးနားကျေးရွာက ဒေသခံရာနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဇူလိုင် ၃ ရက် မနက်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားမှု မရှိသေးသော်လည်း နှစ်ဘက်စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေကြောင်း တော်လှန်ရေးအင်အားစုများက ပြောဆိုသည်။

တနင်္သာရီမြို့နယ်ထဲတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီဘက်က တပ်အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးခြင်း၊ ရိက္ခာပို့ဆောင်ခြင်းများ ဆက်တိုက် လုပ်ဆောင်နေကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများက ပြောသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here