တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ကျွဲထိန်းကုန်းကျေးရွာထဲကို စစ်ကောင်စီတပ်က ဒရုန်းနှင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၃ ဦးအပါအဝင် ဒေသခံအရပ်သားပြည်သူ ၄ ဦး သေဆုံးခဲ့သည်ဟု ဒေသခံများနှင့် KNU ဗဟို ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်နေ့က တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် ကျွဲထိန်းကုန်းကျေးရွာထဲကို ဒရုန်းနှင့်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထိုသို့တိုက်ခိုက်မှုအတွင်း ကျွဲထိန်းကုန်းကျေးရွာနေ အသက် ၁၈ နှစ်အရွယ် မဖြူဇင်အေး၊ အသက် ၂၁ နှစ်အရွယ် မောင်နေနိုင်သူ၊ အသက် ၄၀ အရွယ် ဒေါ်စန်းသွယ်၊ အသက် ၅၇ နှစ်အရွယ် ဒေါ်စန်းသီတို့ ထိမှန်သေဆုံးခဲ့သည်ဟု ဆိုသည်။
အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် စက်တင်ဘာ ၁၂ ရက်နေ့ကလည်း ကွင်းသစ်ကျေးရွာထဲ ဒရုန်းနှင့် ထပ်မံဗုံးကြဲခဲ့သည့်အတွက် ကျေးရွာနေ ဦးသီဟနေအိမ်ပျက်စီးခဲ့ကြောင် KNU ဗဟိုက စက်တင်ဘာ ၁၈ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
တနင်္သာမြို့နယ်ထဲ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် ကျွဲထိန်းကုန်း၊ ဆင်ခေါင်း၊ ၅ မိုင်၊ ၆ မိုင်၊ ဘန်လော၊ ဘန်သင်နှင့် သကျက်ကျေးရွာ အုပ်စုများအတွင်း ဝင်ရောက်လှုပ်ရှားလျက်ရှိပြီး ဒေသခံအရပ်သား ပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများကို ပြုလုပ်နေကြောင်း KNU က ပြောသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုအပါအဝင် လေကြောင်းတိုက်ခိုက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူများသည် အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးနှင့် နေရာထိုင်းခင်းအတွက် အမိုးအကာအကူအညီများ လိုအပ်လျက်ရှိသည်ဟု KNU က အသိပေးထုတ်ပြန်ထားသည်။
သံလွင်တိုင်းမ် ပေးပို့သည်။