တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ဘန်းပြည့်ကျေးရွာနှင့် ကိုးအင်းကျေးရွာတို့ကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လေယာဉ်နှင့် ဗုံးကြဲမှုကြောင့် ကလေး ၁ ဦးအပါအဝင် အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြိတ်ခရိုင်စစ်ကြောင်းထံက သိရသည်။
နိုဝင်ဘာ ၄ ရက်နေ့ နံနက် ၁၁ နာရီခန့်က မြိတ်လေတပ်ကနေ တက်လာသည့် တိုက်လေယာဉ်တစ်စီးသည် ကိုးအင်းရွာအနားကို ဗုံး ၄ လုံး၊ ဘန်းပြည့်ကျေးရွာကို ဗုံး ၂ လုံး ကြဲချခဲ့ပြီးနောက် စက်သေနတ်နှင့်လည်း ပစ်ခတ်သွားသည်ဟု ဆိုသည်။
ထိုသို့ လေယာဉ်နှင့်ဗုံးကြဲမှုကြောင့် ကိုးအင်းကျေးရွာနေ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၂၂ နှစ်အရွယ် မောင်ဝဏ္ဏကျော်တို့ ထိခိုက်ဒဏ်ရရှိခဲ့ပြီး နေအိမ်နှစ်လုံးပျက်စီးခဲ့ပြီး ဘန်းပြည့်ကျေးရွာတွင် ထိခိုက်ပျက်စီးမှုမရှိဟု မြိတ်ခရိုင်စစ်ကြောင်း တာဝန်ရှိသူတို့က ပြောဆိုသည်။
လေယာဉ်နှင့် ဗုံးကြဲခံရသည့် ထိုကျေးရွာနှစ်ရွာသည် တစ်ရွာနှင့်တစ်ရွာ ၅ မိုင် ကျော်ခန့်ကွာဝေးပြီး တော်လှန်ရေးအင်အားစုအဖွဲ့များ လှုပ်ရှားမှု မရှိသောကျေးရွာများဖြစ်သည်ဟု မြိတ်ခရိုင်စစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်နေ့က စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာနေ ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ အစီရင်ခံစာအရ နိုင်ငံတဝန်း၌ ယခုနှစ် မေလကနေ ဩဂုတ်လအထိ ၄ လအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၄၅၅ ဦး သေဆုံးပြီး ၈၂၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
သံလွင်တိုင်းမ် ပေးပို့သည်။