တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းအခြေစိုက် စစ်ကောင်စီ အမှတ် (၅၆၁) ခြေမြန်တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထံ အလင်းဝင်လာကြောင်း တိုင်းပကဖ တာဝန်ရှိသူက ပြောဆိုသည်။
စစ်ကောင်စီတပ်သား ၂ ဦးဖြစ်သည့် တပ်သားထွန်းလင်းသူနှင့် တပ်သားထက်မြတ်သူတို့သည် နိုဝင်ဘာ ၁ ရက်နေ့၌ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ချိတ်ဆက်ပြီး လက်နက်မဲ့ အလင်းဝင်လာခြင်း ဖြစ်ကြောင်း သိရသည်။
အလင်းဝင်လာသော စစ်ကောင်စီတပ်သား ၂ ဦးကို နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့ပြီး လုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးထားကြောင်း တနင်္သာရီတိုင်း ပဖကတာဝန်ခံ ကိုစတားက ပြောသည်။
အာဏာသိမ်းကာလအတွင်း စစ်ကောင်စီ အမှတ် (၅၆၁) ခြေမြန်တပ်ရင်းကနေ ထွက်ပြေးလာသော စစ်ကောင်စီ တပ်သား ၄ ဦး အထိရှိပြီး ၎င်းတို့အားလုံးကို လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်းလည်း တိုင်းပကဖထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလကလည်း အဆိုပါခြေမြန်တပ်ရင်းမှ တပ်သားတစ်ဦးဟာ MA 31 သေနတ် တစ်လက်၊ ကျည် ၁၀၀ ကျော်တို့နှင့်အတူ အလင်းဝင်ရောက်လာသဖြင့် PDF များဘက်က ထောက်ပံ့ငွေသိန်း ၄၀ ကျော် ပေးအပ်ခဲ့သည်ဟု ဆိုသည်။
တနင်္သာရီတိုင်းတွင် စစ်အာဏာသိမ်းပြီးနောက် ရဲနှင့်စစ်သား CDM လုပ်လာသူ ထားဝယ်ခရိုင်တွင် ၉၈ ဦး၊ မြိတ်ခရိုင်တွင် ၁၁၀ ဦး၊ ကော့သောင်းခရိုင်တွင် ၂၉ ဦး စုစုပေါင်း ၂၃၇ ဦး ရှိနေပြီဲဖြစ်ကြောင်း တိုင်းပကဖထံမှ သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။