တနင်္သာရီတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေသခံ ၇ ဦး ထိမှန်ဒဏ်ရာရရှိ

0
98
Photo - CJ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ပဝကျေးရွာနှင့် အရှေ့သာရဖုံကျေးရွာထဲ စစ်ကောင်စီတပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် လက်နက်ကြီကျည်ကျပြီး ဒေသခံ ၇ ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

ဇန်နဝါရီ ၂၂ ရက်နေ့ ည ၁၀ နာရီခန့်တွင် တနင်္သာရီအခြေစိုက် စစ်ကောင်စီတပ် အမှတ် ၃၀၆ အမြောက်တပ်၊ အမှတ် ၅၅၆ ခြေမြန်တပ်ရင်းတို့ကနေ တိုက်ပွဲမရှိဘဲ ပဝကျေးရွာနှင့် အရှေ့သာရဖုံကျေးရွာထဲ လက်နက်ကြီး အလုံး ၂၀ ထက်မနည်း ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များမှာ ပဝကျေးရွာမှာ ၄ လုံး၊ အရှေ့သာရဖုံ ကျေးရွာ တွင် ၂ လုံး ကျရောက်ပေါက်ကွဲတာကြောင့် ပဝကျေးရွာနေ အသက် ၁၆ နှစ်အရွယ် ကလေးသူငယ်အပါအဝင် ဒေသခံ ၆ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် အရှေ့သာရဖုံကျေးရွာမှ အသက် ၁၉ နှစ်အရွယ် မိန်းကလေး ၁ ဦး စိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

လက်နက်ကြီးကြောင့် နေအိမ် ၃ လုံးထက်မနည်း ထိမှန်ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဒေသခံများကို နီးစပ်ရာဆေးခန်းများနှင့် တနင်္သာရီမြို့နယ်ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူနေသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့သည့် အဆိုပါကျေးရွာနှစ်ရွာသည် တော်လှန်ရေးအင်အားစုပူး ပေါင်းတပ်ဖွဲ့များ စိုးမိုးထိန်းချုပ်ထားသောနယ်မြေဖြစ်ကြောင်းနှင့် ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်နေ့ကလည်း တနင်္သာရီမြို့ တကူကျေးရွာနှင့် သံတိုက်ကျေးရွာကို စစ်ကောင်စီလေကြောင်းနှင့် တိုက်ခိုက်မှုကြောင့် ဒေသခံ ၅ ဦး ထိမှန်ဒဏ်ရာရရှိခဲ့သေးသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here