တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်၊ လသာကျေးရွာအနီး မြိတ်-မောတောင်ကားလမ်းတွင် ထိုင်းနိုင်ငံကို သွားမည့်ခရီးသည်ကား ၂ စီး မိုင်းဆွဲပစ်ခတ်ခံရတာကြောင့် ရွေ့ပြောင်းအလုပ်သမား ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေထံမှ သိရပါသည်။
ပြီးခဲ့သည့် မေ ၇ ရက်နေ့ ညနေပိုင်းတွင် မြိတ်ဘက်မှ မောတောင်ဘက်ကို မောင်းနှင်းလာသော ရွေ့ပြောင်းအလုပ်သမား ၃၀ ကျော် လိုက်ပါလာသည့် မှန်အလုံပိတ်၊ တာလပတ်အုပ် ခရီးသည်ကား ၂ စီးကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီကားနှင့် မှားယွင်းပစ်ခတ်မှု ဖြစ်ပေါ်ခဲ့ပါသည်။
ခရီးသည်ကား မှားယွင်းမိုင်းဆွဲပစ်ခတ်ခံရတာကြောင့် ယာဉ်မောင်းတစ်ဦးအပါအဝင် အမျိုးသမီး ၁ ဦး၊ အမျိုးသား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
ခရီးသည်ကားကို စစ်ကောင်စီကားနှင့် မှားယွင်းပစ်ခတ်မိသည့်အတွက် အလွန်စိတ်မကောင်းဖြစ်ရကြောင်းနှင့် ထိခိုက်နစ်နာသွားသည့် ပြည်သူတွေကိုလည်း အနူးညွှတ်တောင်းပန်ကြောင်း တနင်္သာရီမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါသည်။
ထို့အပြင် တနင်္သာရီကားလမ်းအတွင်း သွားလာကြမည့် မော်တော်ယာဉ်များအနေနှင့်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို မဖြစ်မနေလိုက်နာပေးကြရန် တိုက်တွန်းထားသည်။
ခရီးသည်ကား မှားယွင်းပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က မေ ၈ ရက်နေ့ နံနက်ပိုင်းကစပြီး မြိတ်-မောတောင်ကားလမ်းတွင် လုံခြုံရေးတိုးမြှင့်ပြီး စစ်ဆေးမှုများ တင်းကျပ်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ ၁ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်၊ လယ်တော်ယာကျေးရွာအနီးတွင် ခရီးသည်တင်ကား တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရခြင်းကြောင့် ကလေး ၁ ဦး အပါအဝင် ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ဖူးသည်။
သံလွင်တိုင်းမ် – ပေးပို့သည်။