တနင်္သာရီတိုင်း၊ ရေဖြူရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့ယာယီစခန်းတစ်ခု စီးနင်းခံရ

0
212
ပုံစာ- (Photo-Social Media)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ကျောက်ရှပ်ရွာအနီးရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့ ယာယီစခန်းတခု စက်တင်ဘာ ၃၀ ရက်နေ့က စီးနင်းတိုက်ခိုက်ခံလိုက်ရကြောင်း တော်လှန်ရေးအင်အားစု တာဝန်ရှိသူများထံမှ သိရသည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်သည့် နွေဦးဓမ္မတပ်ဖွဲ့ ဝင်ရောက်နားခိုနေသည့် ယာယီစခန်းတစ်ခုကို တပ်အင်အား ၅၀ ကျော်ပါသည့် စစ်ကောင်စီစစ်ကြောင်းဟာ စက်တင်ဘာ ၃၀ ရက်နေ့ နေ့လည်ပိုင်း၌ ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့စခန်းစီးနင်းတိုက်ခိုက်ခံရမှုကြောင့် နွေဦးဓမ္မတပ်ဖွဲ့ဘက်မှ ဗိုလ်လင်းယုန်နှင့် ရဲဘော်မီးပွားတို့ ၂ ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ စီးနင်းခံရမှုဖြစ်စဉ်သည် ဒလန်သတင်းပေးမှုကြောင့် စီးနင်းခံလိုက်ရခြင်းဖြစ်သော်လည်း PDF ရဲဘော် ၅ ဦး အနက် ၃ ဦး ပြန်လည်လွတ်မြောက်လာသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောဆိုသည်။

စခန်းစီးနင်းမှုအတွင်း PDF တပ်ဖွဲ့ဝင်များ၏ သေနတ် ၃ လက်၊ ကျည်ဆံများအပါအဝင် ဆက်စပ်ပစ္စည်းတချို့ သိမ်းဆည်းခံလိုက်ရသည်ဟု ၎င်းတို့က ဆက်ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး နွေဦးဓမ္မတပ်ဖွဲ့ Spring Dhamma PDF တာဝန်ရှိသူများထံ ဆက်သွယ် မေးမြန်းထားသော်လည်း လက်ရှိအချိန်အထိ အဆက်အသွယ်မရရှိသေးပါ။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း ရေဖြူမြို့နယ် ဝဇွမ်းတောကျေးရွာအနီးရှိ ရေဖြူ ပကဖ စခန်းငယ်တစ်ခု စီးနင်းခံရပြီး လက်နက်ခဲယမ်း၊ ရိက္ခာများနှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်း ခံခဲ့ရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here