စစ်ကောင်စီတပ် ပိတ်ဆို့မှုများကြောင့် ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ် အရှေ့တောဘက်တွင် စစ်ဘေးရှောင်နေရသော ပြည်သူများထံ စားနပ်ရိက္ခာနှင့် လူသားချင်စာနာမှုဆိုင်ရာအထောက်အကူများ ရောက်ရှိရန် ခက်ခဲလာကြောင်း သိရသည်။
စစ်ကောင်စီတပ် ဂိတ်စခန်းများက ရိက္ခာသယ်ယူမှုတွေကို တင်းကြပ်လာတာကြောင့် တနင်္သာရီတိုင်းအတွင်းရှိ စစ်ဘေးရှောင်များသည် စားနပ်ရိက္ခာရရှိရန် ခက်ခဲလာရသည်ဟု စစ်ဘေးရှောင်အရေးကူညီနေသူများက ပြောဆိုသည်။
စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက “ဆန်ဆိုရင် ဘယ်နှစ်အိတ်ပဲ သယ်ရမယ်ဆိုတာမျိုးပေါ့။ ခေါက်ဆွဲခြောက်နဲ့ ငါးသေတ္တာတွေဆိုရင် လုံးဝ သယ်ခွင့်မပြုပါဘူး။ စစ်ကောင်စီဘက်က ရိက္ခာတွေ သယ်မရအောင် လုပ်နေတာကတော့ တနင်္သာရီဒေသမှာဆိုရင် pdf တွေ ရှိတယ်လို့ယူဆရတဲ့ နေရာတိုင်းလိုလိုကို သွားတဲ့လမ်းပိုင်းတိုင်းပါပဲ ခင်ဗျား။ နောက်ဆက်တွဲ ပြဿနာကတော့ စစ်ဘေးရှောင်တွေဆီ ရိက္ခာထောက်ပံ့ဖို့နဲ့ လူသားစာနာမှု အကူအညီတွေပေးဖို့အတွက် အလွယ်တကူမရတော့တဲ့ ပြဿနာဖြစ်လာပါတယ်” ဟု ပြောသည်။
စစ်ကောင်စီတပ် ဂိတ်စခန်းများတွင် ဆေးဝါးများနှင့် စစ်ဘေးရှောင်အကူအညီပေးရေး ရိက္ခာများ ဖျက်ဆီး သိမ်းဆည်းခံရသည့် ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း ၎င်းက ဆက်ပြောပြသည်။
လောင်းလုံးမြို့နယ် ကမြောကင်းတံတား၊ တနင်္သာရီ အရှေ့တောဘက်နှင့် ပုလောရှိ စစ်ကောင်စီဂိတ်စခန်းများက ရိက္ခာများကို အကန့်အသတ်ဖြင့်သာ သယ်ယူခွင့်ပြုတာကြောင့် ယခုရက်ပိုင်းအတွင်း စစ်ဘေးရှောင်များ စားနပ်ရိက္ခာရရှိမှု ခက်ခဲလာသည်ဟု ဒေါန-တနင်္သာရီ စစ်ဘေးရှောင်အထောက်အကူပြုအဖွဲ့က ပြောသည်။
ဒေါန-တနင်္သာရီ စစ်ဘေးရှောင်အထောက်အကူပြုအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “စားနပ်ရိက္ခာက အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်တယ်။ အမြဲမပြတ် လိုအပ်နေတာလည်း ဖြစ်ပါတယ်။ ပြီးတော့ စစ်ရေး တင်းမာမှုတွေကြောင့် သယ်ယူဖို့ခက်ခဲတာတွေ၊ အချို့ဒေသတွေဆိုရင် ဆန်လိုမျိုးအဓိကကျတဲ့ စားနပ်ရိက္ခာ တွေကို သယ်ယူခွင့်ပိတ်ပင်ထားတာ၊ ကန့်သတ်ထားတာမျိုးတွေရှိတော့ စားနပ်ရိက္ခာရရှိမှုက အဆင်မပြေဘူးလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် လောလောဆယ်မှာ စားဖို့လောက်တော့ရှိတယ်။ ချွေတာပြီးတော့ စားနေရတယ် ဆိုတာမျိုးလည်း ရှိပါတယ်” ဟု ပြောဆိုသည်။
စစ်ကောင်စီတပ်သည် တနင်္သာရီတိုင်းအတွင်း ဖြတ် ၄ ဖြတ် စနစ်ကို ပြီးခဲ့သည့်နှစ်ကတည်းက ကျင့်သုံးနေခြင်း ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။
ပြီးခဲ့သည့်နှစ်အတွင်း စာရင်းများအရ တနင်္သာရီတိုင်းအတွင်း မြို့နယ် ၉ ခု ကျော်တွင် စစ်ဘေးရှောင်ပြည်သူ စုစုပေါင်း ၄၆၀၀၀ ခန့် ရှိပြီး ရေဖြူမြို့နယ်သည် စစ်ဘေးရှောင်ပြည်သူ အများဆုံးရှိနေသည့် မြို့နယ်တစ်ခု ဖြစ်သည်။
၂၀၂၄ နှစ်ဆန်းပိုင်းမှ စတင်၍ တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအဖွဲ့အစည်းများအကြား စစ်ရေးတင်းမာနေသည့်အပြင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုများကြောင့် စစ်ဘေးရှောင်အသစ်များ တိုးလာခဲ့ကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။
IMNA ပေးပို့သည်။