တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား နှစ်ဖက်တိုက်ပွဲများအပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ဦးရေမှာ ၆၈,၀၀၀ ကျော်အထိ ရှိလာသည်ဟု ဒေသတွင်းသုတေသနအဖွဲ့ဖြစ်သည့် FE5 Thanintharyi ထံက သိရသည်။
နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်က တနင်္သာရီတိုင်းအတွင်းရှိ ကျေးရွာများကို ရက်ရှည်စစ်ကြောင်း ထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲများအပြင် နေအိမ်မီးရှို့မှု၊ အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် နေရပ်စွန့်စွာ ထွက်ပြေးတိမ်းရှောင်ရသူ ပိုမိုများပြားလာသည်ဟု FE5 Thanintharyi က ဆိုသည်။
ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်၊ လောင်းလုံး၊ ရေဖြူနှင့် သရက်ချောင်းမြို့နယ်တို့မှ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူ ၃၁,၉၀၀ ကျော်ရှိပြီး လောင်းလုံးမြို့နယ်တခုတည်းပင် ရက်ရှည်စစ်ကြောင်းထိုးမှုနှင့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရသူ ၁၂,၀၀၀ နီးပါးရှိခဲ့သည်ဟု ဆိုသည်။
မြိတ်ခရိုင်အတွင်းရှိ မြိတ်၊ ပုလောနှင့် တနင်္သာရီမြို့နယ်တို့တွင် နှစ်ဖက်တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်ခံရမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူ အနည်းဆုံး ၃၅,၉၀၀ ဦးကျော်ရှိကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
ပုလောမြို့နယ်က နယ်မြေအချို့ကို စစ်ကောင်စီက ပြန်လည်စစ်ကြောင်းထိုး ဝင်ရောက်လာနေပြီး ကျေးရွာအချို့ကို ထိန်းချုပ်ထားတာကြောင့် နေရပ်ပြန်လည် ဝင်ရောက်နေထိုင်သူများပါ ထပ်မံစစ်ဘေးရှောင်ခဲ့ရသည်ဟု သိရသည်။
အလားတူ ကော့သောင်းခရိုင်တွင် စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်မီးရှို့ဖျက်ဆီးမှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၅၀၀ နီးပါး ရှိခဲ့သည်ဟု ဆိုသည်။
တဖက်တွင်လည်း စစ်ကောင်စီက ထားဝယ်အရှေ့တောဒေသ၊ သရက်ချောင်း တောင်ပျောက်တိုက်နယ် ၊ တနင်္သာရီနှင့် ပုလောမြို့နယ်တို့တွင် ဆန်၊ စားနပ်ရိက္ခာနှင့် ဆေးဝါးသယ်ယူခွင့်တို့ကို ကန့်သတ်ထားသည့်အတွက် စစ်ရှောင်ဒေသခံများ အခက်ကြုံနေရကြောင်း သိရသည်။
တနင်္သာရီတိုင်းရှိ စစ်ဘေးရှောင်အများစုသည် ကိန်းသေမရှိဘဲ စစ်ကြောင်းထိုးဝင်ရောက်မှု၊ တိုက်ပွဲဖြစ်ပွားမှု အခြေအနေပေါ် မူတည်ပြီး အရေအတွက် အပြောင်းအလဲအမြဲရှိနေသည်ဟုလည်း FE5 Thanintharyi က အသိပေးထားပါသည်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA ၏ အချက်အလက်များအရ နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် လူဦးရေ ၃ ဒသမ ၅ သန်းနီးပါး နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။