တနင်္သာရီတိုင်းတွင် တစ်လအတွင်း ဒေသခံ ၃၆၀ နီးပါး ဖမ်းဆီးခံခဲ့ရ

0
126
Photo - CJ

တနင်္သာရီတိုင်းက မြို့နယ်များတွင် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ဒေသခံ ၃၆၀ နီးပါး ဖမ်းဆီးခံခဲ့ရပြီး ထိုအထဲမှ ၁၅၀ ကျော်သာ ပြန်လည်လွတ်လာသည်ဟု ဒေသတွင်းသုတေသနအဖွဲ့ FE5 Tanintharyi ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဒီဇင်ဘာ ၁၆ ရက်နေ့ ရက်စွဲနှင့်ထုတ်ပြန်သည့် FE5 Tanintharyi ၏ အစီရင်ခံစာတွင် ဖမ်းဆီးခံရသူ အများစုဟာ စစ်မှုထမ်းအဖြစ် ဖမ်းဆီးခံခဲ့ရခြင်း၊ စစ်ကောင်စီတပ် စစ်ကြောင်းထိုးစဉ် လူသားဒိုင်းအဖြစ် အဖမ်းခံရခြင်းနှင့် PDF နှင့် ပတ်သက်သည်ဆိုသော စွပ်စွဲချက်တို့ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြသည်။

အစီရင်ခံစာအရ စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုကြောင့် အရပ်သားပြည်သူ ၃၅၈ ဦး ထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး ယင်းတို့ထဲမှ ၁၅၇ ဦး သာ ပြန်လွတ်လာပြီး နှစ်ဦးသေဆုံးခဲ့သည်ဟု ဖော်ပြပါရှိသည်။

အရပ်သား အသတ်ခံရမှုအရ နိုဝင်ဘာလအတွင်း အရပ်သားပြည်သူ ၁၄ ဦး သတ်ဖြတ်ခံခဲ့ရပြီး ထိုအထဲက ၁၁ ဦး သည် စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု အစီရင်ခံစာက ဆိုသည်။

နိုဝင်ဘာလအတွင်း တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့ကြား ထိတွေ့တိုက်ပွဲ ၂၃ ကြိမ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများ အပါအဝင် လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်ရသူ ၆၈,၀၀၀ ကျော်အထိ ရှိခဲ့သည်။

တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့်အောက်တိုဘာလအတွင်း အရပ်သားပြည်သူ ၁၉ ဦး သတ်ဖြတ်ခံခဲ့ရပြီး အရပ်သား ၂၀၈ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု FE5 Tanintharyi ၏ ထုတ်ပြန်ချက်အရ သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here