ကရင်အမျိုးသားအစည်းအရုံး/ KNU တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်အတွင်း လက်ရှိ မိုးတွင်းရာသီကာလ၌ ရာသီပေါ်တုပ်ကွေးနှင့် ငှက်ဖျားရောဂါ အဖြစ်များလာပြီး ဆေးဝါးရရှိရန် လိုအပ်ချက် ရှိနေကြောင်း စစ်ဘေးရှောင် ကူညီနေသူများက ပြောသည်။
စစ်ရှောင်ဒေသခံများသည် မိုးရာသီအတွင်း စစ်ဘေးဆက်လက် ရှောင်တိမ်းနေကြရသည့်အတွက် အအေးမိရာမှ ရောဂါအဖြစ် များလာကြပြီး အများအားဖြင့် ကလေးသူငယ်များတွင် တုပ်ကွေးရောဂါ ပိုအဖြစ်များသည်ကို တွေ့ရသည်ဟု ၎င်းတို့က ပြောဆိုသည်။
ယင်းအပြင် အဆိုပါဒေသအတွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်သူဦးရေ ပိုများပြားလာသည့် အပြင် စစ်ကောင်စီက ဆေးဝါးသယ်ဆောင်ရန် ကန့်သတ်တားမြစ်မှု ရှိနေ၍ ဆေးဝါးသယ်ဆောင်ရာတွင်လည်း အခက်အခဲ ရှိနေသည်ဟု မုန်းမြို့နယ် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦး ပြောသည်။
“ဆေးကို လုံးဝ သယ်ခွင့်မပေးထားတာ၊ ဒီလိုပဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် သယ်နေရတဲ့အတွက်ရောပေါ့ ဆေးဝါးကတော့ လုံလောက်မှု မရှိဘူး။ နောက်ပိုင်း မိုးများလာရင် ရောဂါဖြစ်တဲ့သူ အခုထက် ပိုများလာမယ်။ လက်ရှိအလှူရှင်ကလည်း ဆေးဆို မသယ်ရဲဘူး” ဟု ၎င်းက ပြောသည်။
ထို့အပြင် ဒေသခံအများစုမှာ တုပ်ကွေးစတင် ဖြစ်ချိန်တွင် နယ်မြေ မတည်ငြိမ်မှုကြောင့် ဆေးရုံ၊ ဆေးခန်း အရောက် နည်းကြသလို ဆေးမြီးတိုများနှင့်သာ ကုသလေ့ရှိသည့် အတွက် ရောဂါအခြေအနေ ပိုမို ပြင်းထန်လာသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ယခုလို ပြောသည်။
“ဖြစ်ပြီဆိုရင် ဒေသခံစစ်ရှောင်တွေက စစ်ရှောင်နေရာမှာ သူတို့လက်လှမ်းမီရာ ဆေးမြီးတိုနဲ့ ကုတယ်၊ အရမ်း အခြေအနေ ဆိုးလာမှ ဆေးရုံ၊ဆေးခန်း သွားကြတာ။ ဒီမှာဆို ပန်ကာလို့ခေါ်တဲ့ဆေးပေါ့ ငါးရာဖိုးဆို သုံးထုပ်လောက်ရတယ် အဲ့ဒါဝယ်သောက်ပြီး မပျောက်တော့မှ ဆေးခန်းရှိတဲ့ နေရာသွားကြတာမျိုးပေါ့” ဟု ၎င်းက ဆိုသည်။

စစ်ဘေးရှောင်ဒေသခံများ ဆေးဝါးကုသမှုအတွက် ကရင်အရပ်ဘက် ကျန်းမာရေး အဖွဲ့အစည်းများ အပြင် အခြားပရဟိတ အဖွဲ့အစည်းများမှ ကူညီထောက်ပံ့ ပေးနေသော်လည်း နယ်မြေအတွင်း ပဋိပက္ခများ ဆက်လက် ဖြစ်ပွားနေသည်ဟု ကူညီပေးသူများက ဆိုသည်။
ယင်းအပြင် စစ်ကောင်စီ၏ လက်နက်ကြီး လက်နက်ငယ်များဖြင့် ကျေးရွာများသို့ အချိန်မရွေး ပစ်ခတ် နေခြင်းကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသူဦးရေ ပိုမိုများပြားလာ၍ ဆေးဝါးအပြင် စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်း လိုအပ်ချက် ရှိနေဆဲဖြစ်ကြောင်း စစ်ဘေးရှောင် ကူညီနေသူများက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့နှင့် ၃ ရက်နေ့တို့တွင် မုန်းမြို့နယ်၊ ရေတွင်းကုန်းကြီးကျေးရွာနှင့် အုန်းပင်စု ကျေးရွာနေ အမျိုးသား ၃ ဦး သည် စစ်ကောင်စီတပ်၏ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခံခဲ့ရပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ကျေးရွာ ၃ ရွာ ကျော်မှ ဒေသခံပြည်သူ ၁၄၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းယူပြီးချိန်မှစ၍ လက်ရှိ ၂၀၂၃ ခုနှစ် မေလအထိ ညောင်လေးပင်ခရိုင်တွင် စစ်ဘေးရှောင် ဦးရေ ၁ သိန်းခွဲကျော် ရှိနေသည်ဟု ကရင်အရပ်ဘက်အဖွဲ့အစည်းများ၏ ပြုစုထားသော စာရင်းအရ သိရသည်။
ကေအိုင်စီ ပေးပို့သည်။