ညောင်ရွှေ စစ်ကောင်စီဂိတ်တွင် စက်သုံးဆီ၊ စားသောက်နှင့်ဆေးဝါး သယ်ဆောင်ခွင့်မပြုဘဲ သိမ်းယူမှုရှိနေ

0
130
Photo - CJ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် မှော်ဘီကျေးရွာ စစ်ကောင်စီဂိတ်တွင် စစ်ကောင်စီတပ်သားများက စက်သုံးဆီ၊ ဆန်၊ ဆေး စသည့် ကုန်ပစ္စည်းများကို သယ်ဆောင်ခွင့်မပေးဘဲ သိမ်းယူမှုများရှိကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီက ပြီးခဲ့သည့်နှစ်လအတွင်း ညောင်ရွှေမြို့နယ်၊ မှော်ဘီကျေးရွာ စစ်ဆေးရေးဂိတ်နှင့် သျှမ်း – ကရင်နီ နယ်စပ် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီက ဆန်၊ ဆီနှင့် ဆေးဝါးတို့အပြင် အိမ်သုံးစက်သုံးဆီပုံးများကိုပါ သယ်ဆောင်းခွင့်မပြုဘဲ တွေ့ရှိပါက ပစ္စည်းများကို သိမ်းယူထားကြောင်း သျှမ်း-ကရင်နီနယ်စပ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“ကရင်နီဘက်ကိုလာတဲ့ ကုန်သည်တွေရဲ့ကားတွေကို ဂိတ်ဖြတ်သန်းခလိုမျိုး တစ်စီးဘယ်လောက်ဆိုပြီး သိန်းဆယ်နဲ့ချီအထိ တောင်းတာရှိပါတယ်။ ဆန်တွေ ဆီတွေကတော့ အရင်တည်းက သိမ်းနေတာကြာပြီ ဘတ်ထရီတွေ ဆိုလာတွေဆို ဒီဘက် (ကရင်နီပြည်) ကို လုံးဝသယ်ခွင့်မပေးဘူး၊ တွေ့တာနဲ့ ဆွဲချပါတယ်” ဟု အဆိုပါအမျိုးသမီးက ပြောသည်။

ထိုကဲ့သို့ တင်းကြပ်စစ်ဆေးနေသောဂိတ်များတွင် စစ်ကောင်စီတပ်သားများအပြင် ပအိုဝ်းပြည်သူ့စစ် (PNO) များလည်း ပါဝင်ပြီး ကုန်သည်ယာဉ်များထံမှာ ၎င်းတို့စိတ်ကြိုက်ပစ္စည်းများအား သိမ်းဆည်းရယူထားကြောင်း သိရသည်။

“ခုဆို ဆိုင်ကယ်တောင် လူလောက်ပဲ တော်တော်ကံကောင်းမှ ဖြတ်လို့ရတာပါ၊ ဘာပစ္စည်းမှ မပါရပါဘူး။ ခုဆို လူတောင် မသွားရဲကြတော့တာ များပါတယ်” ဟု အထက်ပါဒေသခံအမျိုးသမီးက ဆက်ပြောသည်။

လက်ရှိတွင် ထိုသို့ စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့က ကုန်ပစ္စည်းများ သယ်ယူခွင့်မပေးသောကြောင့် သျှမ်း-ကရင်နီ နယ်စပ်တွင် နေထိုင်ကြသည့် ပြည်သူများမှာ ဆန်၊ စားနှပ်ရိက္ခာ ရရှိရန် မလွယ်ကူသည့်အတွက် အခက်အခဲများစွာ တွေ့လာရပြီး ရာသီဥတုအေးလာသောကြောင့် ဖျားနာမှုများလည်း ရှိကြောင်း သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here