ညီနောင်မဟာမိတ် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး စတင်ပြီဟု ကြေညာလိုက်သည်နှင့် တပြိုက်နက်တည်း ရှမ်းပြည် နယ်မြောက်ပိုင်း မြို့နယ်အများအပြားတွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖြစ်သည့် ကိုးကန့်တပ်မတော် MNDAA၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နှင့် ရက္ခိုင့်တပ်တော် AA တို့က အောက်တိုဘာလ ၂၇ ရက်တွင် ၁၀၂၇ စစ်ဆင်ရေး စတင်ပြီဟု ကြေညာလိုက်သည်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း မြို့နယ်များနှင့် ချင်းရွှေဟော် တို့တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ် တပ်စွဲထားသည့် နေရာများ၊ စစ်ဆေးရေးတိုးဂိတ်၊ ရဲကင်းစခန်း၊ မြို့အထိုင်တပ်၊ ရဲစခန်းများကို ညီနောင်မဟာမိတ်အဖွဲ့က တချိန်တည်း တပြိုက်နက်တည်း ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလာသည်ဟု ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသခံများက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေသည့် အခြေအနေနှင့်ပတ်သက်၍ ကွတ်ခိုင်မြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ယခုလို ပြောဆိုသည်။
“ဒီနေ့မနက်ပိုင်း ၅ နာရီလောက် ဖြစ်မယ် ထင်တယ်။ သူတို့ စပစ်နေကြတာပေါ့နော်။ ဒါပေမယ့် ဘယ်ဘက်က ပစ် တာလည်းတော့ မသိဘူး။ အသံကတော့ စကြားနေရတယ်။ ညီမတို့ ကြားမိတာက လားရှိုးရယ်၊ မူဆယ်ရယ်၊ ကွတ်ခိုင်ရယ်၊ နမ့်ခမ်းရယ်ပေါ့နော်။ သူတို့က တချိန်တည်းပဲ ပစ်ကြတာပေါ့နော်။ ညီမတို့ ကြားမိတာက ၅ နာရီ ခွဲလောက် ဖြစ်မယ်ထင်တယ်။ အသံစကြား ရတာပေါ့နော။ ဒီရှမ်းမြောက် ၄ မြို့နယ် အပြင် လောက်ကိုင်သွားတဲ့ ဘက်ပေါ့နော။ လောက်ကိုင်ရယ်၊ ချင်းရွှေဟော်မှာ အဲဘက်တွေမှာလည်း သူတို့က အဲဒီရှမ်းမြောက် ၄ မြို့နယ်နဲ့ အတူတူပဲ သူတို့ဝင်ပစ်တာ အဲဘက်မှာက ညီမ ကြားမိတာက ကိုးကန့်တွေပဲ ဝင်သိမ်းလိုက်တာပေါ့။ ဒီဘက် TNLA တပ်တွေ ရှိတော့ သူတို့က အတူတူ ဝင်သိမ်းတာပေါ့။ စခန်း တော်တော်များများတော့ သူတို့က သိမ်းပိုက် လိုက်ရတယ်လို့ ပြောတယ်၊ အဲလိုမျိုးတော့ ကြားတယ်” ဟု ၎င်းက ပြောသည်။
တိုက်ပွဲအတွင်း နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ ၁၃ မိုင်စခန်းနှင့် မိုက်ခရိုဝိတ် စခန်း ၂ ခုကို ညီနောင်မဟာမိတ် အဖွဲ့ဝင်ဖြစ်သည့် TNLA က သိမ်းပိုက်နိုင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
အဆိုပါ စခန်းကုန်းများသည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ခမ်းမြို့နယ်၊ နမ့်ခမ်း-နမ့်ဖက်ကာ လမ်းပိုင်းတွင် ရှိသည့် စစ်ကောင်စီတပ်၏ တပ်စခန်းကုန်းများဖြစ်သည်။
ထို့အပြင် ကိုးကန့်တပ်မတော် MNDAA ကလည်း စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ထားနိုင်သလို ချင်းရွှေဟော်မြို့ကိုလည်း ထိန်းချုပ်ထားနိုင်ပြီဟု BBC မြန်မာပိုင်းသတင်းဌာနနဲ့ ရှမ်းမြောက်အခြေစိုက် ရွှေဖီမြေ သတင်းဌာနက ဒေသတွင်း သတင်းရင်းမြစ်များ၏ ပြောဆိုမှုများကို ကိုးကားပြီး သတင်းရေးသားထားသည်ကို တွေ့ရသည်။
လက်ရှိတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည့် ချင်းရွှေဟော်ဘက်ကို စစ်ကောင်စီတပ်၏ လေယာဉ်များပျံ တက်သွားသည်ဟု ရှမ်းမြောက်ဒေသခံများက ပြောသည်။
လားရှိုးမြို့က ဒေသခံတစ်ဦးက “ဆယ်နာရီ ဆယ့်တစ်နာရီလောက်မှာတော့ ချင်းရွှေဟော်ဘက်မှာတော့ လေယာဉ်ပျံတွေနဲ့ တက်သွားတာတော့ တွေ့ရတယ်။ တိုက်ပွဲတွေ ဖြစ်နေတော့ အခြေအနေမကောင်းတော့ ပြန်တဲ့သူတွေ ပြန်ကြတယ်။ ဒါပေမယ့် အဲဒီလို လမ်းတွေက ပိတ်ထားတော့ တချို့တွေက ပြန်လို့မရတာ တွေတော့ ပြောတာတွေတော့ ရှိတယ်” ဟု ဆိုသည်။
ထို့အတူ လားရှိုးမြို့တွင်လည်း လေယာဉ်များ ပျံဝဲနေသည်ဟု အဆိုပါ ဒေသခံက ပြောသည်။ တိုက်ပွဲဖြစ်စက လားရှိုးမြို့ အဝင်အထွက် လမ်းတစ်ဖက်ကိုသာ ပိတ်ထားရာကနေ တိုက်ပွဲငြိမ်သွားပြီးနောက် စစ်ကောင်စီတပ်က မြို့အဝင်အထွက်ဂိတ်များ အားလုံးကို ပိတ်ထားလိုက်သည်ဟု ဒေသခံများက ပြောသည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်အာဏာရှင် အမြစ်ပြတ်ရေး၊ အွန်လိုင်းလောင်းကစား လိမ်လည်မှု ပပျောက်ရေး အပါအဝင် ရည်ရွယ်ချက် ၅ ချက်ဖြင့် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ၁၀၂၇ စစ်ဆင်ရေးကို စတင်လိုက်သည် ဟု ထုတ်ပြန်ပြောဆိုထားသည်။
ညီနောင် မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်အရ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာ နိုင်သည်ဟု ဒေသခံများက ပြောပါသည်။
NMG ပေးပို့သည်။