ညီနောင်မဟာမိတ် ၃ ဖွဲ့အားလက်တုန့်ပြန်သွားမည်ဟု စစ်ကောင်စီခေါင်းဆောင်ပြောဆို

0
308
ပုံစာ - တရုတ်နိုင်ငံဝန်ကြီးနှင့် စစ်ကောင်စီခေါင်းဆောင်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုဝင်ဘာ ၂ ရက်တွင်ကျင်းပသည့် စစ်ကောင်စီအစည်းအဝေးတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ မကြာမီရက်များအတွင်းက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မြို့အချို့ကို ထိန်းချုပ်သိမ်းပိုက်လိုက်သည့် တိုင်းရင်းသားလက်နက်ကိုင် ညီနောင်မဟာမိတ် ၃ ဖွဲ့အား လက်တုန့်ပြန် တိုက်ခိုက်သွားမည်ဟု ပြောသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA/ကိုးကန့်တပ်ဖွဲ့)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းကို ထိုးစစ်ဆင် တိုက်ခိုက်လာသည့် လက်နက်ကိုင်များကို စစ်ကောင်စီတပ်အနေဖြင့် လက်တုန့်ပြန်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီခေါင်းဆောင် ပြောဆိုသည်။

အလားတူ စစ်တပ်၏ ဆက်သွယ်ရေးယန္တယားများနှင့် တပ်စခန်းများကို လာရောက်တိုက်ခိုက်သည့် ကချင်လွတ်မြောက်ရေးတပ် (KIA) ကိုလည်း လက်တုန့်ပြန်တိုက်ခိုက်သွားမည်ဟု စစ်ကောင်စီခေါင်းဆောင် ပြောခဲ့သည်။

အောက်တိုဘာ ၂၇ ရက်တွင် စတင်ခဲ့သည့် MNDAA, TNLA, AA ညီနောင်မဟာမိတ် ၃ ဖွဲ့ ဦးဆောင်သည့် ‘၁၀၂၇ စစ်ဆင်ရေး’ အရ ကိုးကန့်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းထိုးစစ်တွင် စစ်ကောင်စီတပ်များ အထိနာကာ အကျအဆုံးများပြားခဲ့ပြီး ချင်းရွှေဟော်နယ်စပ်မြို့အပါအဝင် မြို့လေးမြို့ကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။

ယင်းအပြင် တရုတ်နိုင်ငံနှင့် အဓိကဆက်သွယ်ထားသည့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းသည်လည်း ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့များ၏ ထိုးစစ်ကြောင့် ယခုချိန်ထိ သွားလာမရသေးကြောင်း သိရသည်။

တရုတ်အစိုးရက ရှမ်းပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ခိုက်မှုများ ချက်ချင်းအပစ်အခတ်ရပ်စဲကြရန်နှင့် ပါဝင်သူများ အချင်းချင်း တွေ့ဆုံဆွေးနွေးကြရန် နိုဝင်ဘာ ၂ ရက်နေ့က တိုက်တွန်းခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းသည် တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် BRI စီမံကိန်းများ ဖြတ်သန်းသွားရာနေရာဖြစ်သည်။

မြန်မာ-တရုတ် နယ်စပ်တလျှောက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများအပြား အခြေချနေထိုင်ပြီး အချို့မှာ ဆယ်စုနှစ်များစွာ အကျိုးစီးပွါးနှင့် နယ်မြေပိုင်ဆိုင်မှုအတွက် အချင်းချင်းတိုက်ခိုက်မှုများ ရှိနေခဲ့သည်။

စစ်ကောင်စီတပ်က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အရပ်သားအစိုးရထံမှ အာဏာလုယူခဲ့သည့် ၂၀၂၁၊ ဖေဖော်ဝါရီနောက်ပိုင်း ယခုညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထိုးစစ်မှာ စစ်ကောင်စီတပ် ရင်ဆိုင်နေရသည့် အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုဖြစ်သည်ဟု လေ့လာစောင့်ကြည့်အကဲဖြတ်သူများက ပြောဆိုသည်။

စစ်ကောင်စီတပ်က ၂၀၂၁ အာဏာသိမ်းမှုကို ဆန့်ကျင်သူများအား သွေးထွက်သံယို ဖိနှိပ်ခဲ့မှုကြောင့် လက်နက်ကိုင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ ကြီးထွားလာခဲ့ပြီး အဆိုပါအဖွဲ့များကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက လေ့ကျင့်ပေးခဲ့သည်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြီးခဲ့သည့်အင်္ဂါနေ့ (အောက်တိုဘာ ၃၁ ရက်) က တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီး ဝမ်ရှောက်ဟုန်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ရှမ်ပြည်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ခိုက်မှုများနှင့်ပတ်သတ်ပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here