မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်မှာ စစ်ကောင်စီက ခရစ်ယာန်အချိန်ပိုင်း ဓမ္မဆရာဦးမန်ကွီးကို ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုမှုအရ သိရသည်။
ဖြစ်စဉ်မှာ ဒီနေ့ (နိုဝင်ဘာလ ၇ ရက်နေ့) မနက်ပိုင်းက ဓမ္မဆရာဦးမန်ကွီးသည် ကန်ပက်လက်မြို့ကနေ ဆောမြို့နယ်ကို ဖြတ်သွားစဉ် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါသည်။
ယင်းသို့စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ၂ ဦး ကျည်ထိပြီး ၄ ဦး ဖမ်းဆီးခံထားရကြောင်းနှင့် ကျည်ထိခဲ့သူ ၂ ဦးက သားအဖတွေဖြစ်တယ်လို့ ဒေသခံတစ်ဦးက အခုလို ပြောဆိုသည်။
“ဖြတ်အသွားမှာ စခတွေက ဝိုင်းပစ်တာ။ အဖေက အရင်ကျတယ်ပြောတယ်။ သားဖြစ်သူက အဖေကို သွားကောက်တဲ့အချိန် ထပ်ပစ်ခံရတယ်လို့ သိရတယ်။ ကျန်တဲ့နှစ်ယောက်ကတော့ အဖမ်းခံရတယ်” လို့ အဆိုပါဒေသခံက ပြောသည်။
လက်ရှိအချိန်တွင် ဆောမြို့ပေါ်မှာ စစ်ရေးအခြေအနေ တင်းမာနေတဲ့အတွက် ဒေသခံတွေဟာ မြို့ကို စွန့်ခွာနေကြသလို စစ်ကောင်စီတပ်ကလည်း သူတို့နဲ့ နီးစပ်သူတွေကို နေအိမ်တွေက ရှောင်နေကြဖို့ အသိပေးထားတယ်လို့ ဒေသခံတွေက ပြောဆိုပါသည်။
ဒေသတွင်းသတင်းတွေကို ဖော်ပြနေသည့် ယောအလင်းတန်းက ဆောမြို့ရှိ စစ်ကောင်စီတပ်သားတွေရဲ့ လက်နက်ငယ်နဲ့ ပစ်ခတ်မှုကြောင့် ကန်ပက်လက်လက်မြို့ ဆယ်မိုင်ကုန်းဘက်က အချိန်ပိုင်း ဓမ္မဆရာ ဆရာမန်ကွီးသေဆုံးသွားပြီး သူ့ရဲ့သားဖြစ်သူလည်း လည်ပင်းမှာ ကျည်ထိမှန်ခဲ့တာကြောင့် ကုသဖို့ မလွယ်ကူဘူးလို့ ဖော်ပြထားသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်သတ်ဖြတ်ခံရပြီး ကျဆုံးခဲ့ရသူ ၄၂၀၀ နီးပါး ရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ မှတ်တမ်းတွင် ဖော်ပြထားသည်။
သံလွင်တိုင်းမ် ပေးပို့သည်။