မကွေးတိုင်း၊ ဆောမြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးထိမှန်ပြီး အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းတွင် ဆောမြို့နယ် ဦးဖိုးလှိုင်ခန်းမမှ ထွက်လာသော စစ်ကောင်စီတပ်သားများသည် ဆောမြို့ကို လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာမှ ထိုသို့ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။
“အမျိုးသမီးတစ်ယောက်၊ အမျိုးသားတစ်ယောက် ထိတယ်ဗျ။ အမျိုးသားကတော့ သေဆုံးသွားပါပြီ။ ချင်းလူငယ်တစ်ဦးကိုလည်း ဖမ်းဆီးသွားပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
စစ်ကောင်စီတပ်သားများက ပစ်ခတ်သည့်အတွက် အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။
ဆောမြို့ထဲကို စစ်ကောင်စီတပ်များ ဝင်ရောက်လာသည့်နောက် ဒေသကာကွယ်ရေးတပ်တို့နှင့် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများ ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့တာကြောင့် ဒေသခံတချို့ ဘေးလွတ်ရာသို့ ရှောင်တိမ်းခဲ့ကြရသည်။
စစ်ကောင်စီတပ်သားများက ဗိုလ်မှူးနေရာ အပြောင်းအလဲအတွက် ဆောမြို့ကို ကင်းယူရန်ရောက်လာခြင်းဖြစ်ပြီး နံနက် ၁၀ နာရီဝန်းကျင်တွင် ဦးဖိုးလှိုင်ခန်းမဆီ ပြန်လည်ဝင်ရောက်သွားကြောင်း ဒေသခံတို့ ပြောဆိုချက်အရ သိရသည်။
သံလွင်းတိုင်းမ် ပေးပို့သည်။