ဆီဆိုင်မြို့ဒေသခံ ၆၀ နီးပါးကို စစ်ကောင်စီနှင့် PNO တို့ ဖမ်းဆီးထားပြီး ၃ ရက်ကြာထိ ပြန်မလွတ်ပေးသေး

0
190

သျှမ်းပြည်၊ ဆီဆိုင်မြို့နယ် ရေဖြူကျေးရွာ ဒေသခံ ၆၀ နီးပါးကို စစ်ကောင်စီနှင့် ပြည်သူ့စစ် PNO တို့က ဖမ်းဆီးထိန်းသိမ်းထားပြီး ယနေ့အချိန်ထိ ၃ ရက်ကြာပြီဖြစ်သော်လည်း ပြန်မလွတ်ပေးသေးကြောင်း သိရသည်။

ဖြစ်စဉ်မှာ တောတောင်ထဲအတွင်း စစ်ဘေးရှောင်နေရသည့် ဒေသခံများကို နေရပ်မပြန်ပါက နေအိမ်များ မီးရှို့မည်ဟု စစ်ကောင်စီနှင့် ပြည်သူ့စစ် PNO တို့က ခြိမ်းခြောက်ခဲ့ပြီး နေရပ်ပြန်လာသည့် ဒေသခံ ၅၉ ဦးကို ဇွန်လ ၁၀ ရက်တွင် ဖမ်းဆီးလိုက်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – PNLA က တာဝန်ခံ ပြောဆိုသည်။

“ဒေသခံတွေကို စစ်ကောင်စီနဲ့ လက်အောက်ခံပြည်သူ့စစ်တွေက အစုလိုက်အပြုံလိုက် ရွာခန်းမထဲမှာ ဖမ်းထားတယ်ဆိုတာကို ကျနော်တို့ သိရပါတယ်။ ရှင်းရှင်းပြောရရင် ဒေသခံတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှာကို အစိုးရိမ်ဆုံးပဲ။ ဘာဖြစ်လို့ ဒီလိုစိုးရိမ်ရတာလဲဆိုတော့ တစ်နိုင်ငံလုံးမှာ ဒေသခံတွေကို စစ်ကောင်စီက အစုလိုက်အပြုံလိုက် ခဏခဏကျူးလွန်နေတယ်” ဟု PNLA က တာဝန်ခံ ခွန်ရိန်းယံက ပြောသည်။

လက်ရှိတွင် ဖမ်းဆီးထားသည့် ဒေသခံပြည်သူများကို ကျေးရွာခန်းမ၌ ထိန်းသိမ်းထားကြောင်းနှင့် ဖမ်းဆီးခံရသူ ၅၉ ဦး အနက် တစ်ဝက်မှာ အမျိုးသမီးများ ဖြစ်ကြပြီး အသက် ၄၀ နှစ် အထက် ဒေသခံပြည်သူများဖြစ်ကာ ၎င်းတို့ကို ဓားစာခံအဖြစ် စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့ မှစ၍ ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားလာပြီးနောက် ဒေသခံပြည်သူ ၃၀ ကျော် ဖမ်းဆီးခံနေရကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO က တာဝန်ခံတစ်ဦးက ပြောဆိုပါသည်။

“အခုစာရင်းရထားသလောက်က ၃၀ ကျော် ရှိတယ်။ မေလအတွင်း အဖမ်းခံရတဲ့သူတွေက စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေက အဓိက ဖမ်းဆီးမှု လုပ်တာကို တွေ့ရတယ်။ အခုနောက်ပိုင်း ဖမ်းဆီးမှုက တော်လှန်ရေးအုပ်စုနဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုတဲ့ ခေါင်းစဉ်က ဖမ်းတာများတယ်” ဟု အဆိုပါ PYO က တာဝန်ခံက ပြောသည်။

ပြီးခဲ့သည့် မေလ ၆ ရက်တွင်လည်း ရေဖြူကျေးရွာက အမျိုးသမီးအပါအဝင် ဒေသခံ ၉ ဦးကို လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များအား ထောက်ပံ့ပေးသည်ဟု စွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှု ပြုလုပ်ခဲ့သည်။

အလားတူ ဇွန်လ ၂ ရက်နေ့က ဆီဆိုင်မြို့နယ် ကယန်းလေးကျေးရွာနေ အသက် ၅၀ နှစ်အရွယ် ဦးဂျော့လောင် (ခ) ဖြူးစွူးကိုလည်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် PNO တို့က ဖမ်းဆီးသွားပြီး ပန်တိုင်းကျေးရွာအနီး၌ ညှင်းဆဲနှိပ်စက် သတ်ဖြတ်ခဲ့သည်။

“ဆီဆိုင်မြို့မှာက တိုက်ပွဲငြိမ်ပေမဲ့ မြေမြှုပ်မိုင်း နင်းမိတဲ့သူ၊ ဖမ်းခံရတဲ့သူတွေ မကြာခဏ ကြားနေရတာပဲ။ အိမ်ပြန်လို့ရပေမဲ့ လုံခြုံရေးကတော့ မရှိဘူး” ဟု ဆီဆိုင်မြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီနှင့်လက်အောက်ခံ ပြည်သူ့စစ် PNO တို့သည် ဆီဆိုင်မြို့နယ်အတွင်း ပြည်သူများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲ ငွေညှစ်ခြင်းများ မကြာခဏကျူးလွန်နေလျက်ရှိသည်ဟု PNLA က ပြောသည်။

ဆီဆိုင်မြို့နယ်တွင် ဇန်နဝါရီလ ၂၄ ရက်မှ စ၍ တိုက်ပွဲဖြစ်ပွားလာနေချိန် ကာလအတွင်း ဒေသခံပြည်သူစုစုပေါင်း ၃၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း၊ ၎င်းတို့ကို စစ်ကောင်စီနှင့် ပြည်သူ့စစ် PNO တို့က ဖမ်းဆီး ထားသည်ဟု ပအိုဝ်းလူငယ်အစည်းအရုံး PYO က ပြောသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here