ဆီဆိုင်တွင် အရပ်သားတစ်ဦးကို ပြည်သူ့စစ်က အကြောင်းမဲ့ပစ်သတ်

0
122

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ထမ်းယံတိုင်ကျေးရွာတွင် အရပ်သားတစ်ဦးကို ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) က အကြောင်းမဲ့ ပစ်သတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဆီဆိုင်မြို့နယ်၊ ထမ်းယံတိုင်ကျေးရွာရှိ ရွာလယ်လမ်းတွင် အသက် ၃၀ အရွယ်ရှိ ခွန်တငွေအား ဇူလိုင်လ ၃ ရက်နေ့၊ နံနက်ပိုင်းက ပစ်သတ်ခဲ့ပြီး ၎င်း၏မိတ်ဆွေဖြစ်သူ ခွန်မောင်းပေဆိုသူကိုလည်း PNA က ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု ၎င်းတို့နှင်ြနီးစပ်သူများက ပြောသည်။

ပုဂ္ဂိုလ်ရေးအရ နီးစပ်သူတစ်ဦးက “သူတို့ စစ်ဆေးမေးမြန်းတာ မရှိပါဘူး။ ခွန်တငွေက အဲ့ဒီ အသုဘအိမ်ကနေ ပြန်လာတာပေါ့။ သူ့သူငယ်ချင်း ခွန်မောင်ပေပေါ့နော်၊ သူတို့ ၂ ယောက် တွေ့တွေ့ချင်းပဲ သူတို့ပစ်သတ်လိုက် တာ။ ခွန်တငွေကတော့ ဇူလိုင် ၃ ရက်နေ့ ညနေခင်းမှ အလောင်းသွားယူလို့ ရတယ်ပေါ့နော်၊ ခွန်မောင်ပေက တော့ သူတို့ရွာပြင်ကို ဖမ်းသွားတယ်။ ရွာသားတွေ လိုက်သွားလို့မရဘူး။ လိုက်သွားရင် အကုန်လုံး ပစ်သတ် မယ်ဆိုပြီးတော့ ချိန်းခြောက်တော့ ရွာသားတွေလည်း မလိုက်သွားရဲဘူး။ ခွန်မောင်ပေက အခုထိ သေလားရှင် လား အဆက်အသွယ် မရသေးဘူးပေါ့နော်” ဟု ပြောသည်။

ခွန်တငွေ၏ အလောင်းအား PNA တပ်သားများ ခြိမ်းခြောက်နေသည့်ကြားက ရွာသားများက ပြန်လည်လုယုနိုင်ခဲ့သော်လည်း ခွန်မောင်ပေမှာမူ လက်ရှိအချိန်အထိ အဆက်အသွယ်မရသောကြောင့် မိသားစုဝင်များက စိုးရိမ်ပူပန်နေကြသည်ဟု ၎င်းက ဆက်ပြော။

လတ်တလောတွင် စစ်ကောင်စီတပ်များမှာ ထမ်းယံတိုင်ကျေးရွာ၌ တပ်စွဲထားပြီး ရွာခံများအား အပြင်ထွက်ခွင့်မပေးသည့်အပြင် ရွာပြင်ထွက်သူများကို PDF ဟု သတ်မှတ်၍ ပစ်သတ်မည်ဟု ခြိမ်းခြောက်ထားသည်ဟု ဆိုသည်။

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက “ဒီလိုမျိုး လုပ်ရပ်ကို လုပ်တယ်ဆိုတာက အကြမ်းဖက်သမားတွေ ဖြစ်တယ်ပေါ့လေနော်၊ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ဆိုတာက ပြည်သူကိုကိုယ်စားပြုတဲ့တပ်ဖွဲ့ မဟုတ်ဘူးပေါ့နော်။ စစ်ကောင်စီကို ကိုယ်စားပြုတဲ့တပ်ဖွဲ့၊ စစ်ကောင်စီရဲ့ အမိန့်ကိုနာခံရတဲ့အဖွဲ့၊ စစ်ကောင်စီရဲ့လူ၊ စစ်ကောင်စီရဲ့ လက်ပါးစေ ဖြစ်တယ်ပေါ့နော်။ ဒါကြောင့် သူတို့က ဒီအကျင့်နည်းတူ လက်နက်ကိုအားကိုးပြီးတော့ ပြည်သူကို အလွယ်တကူ သတ်ဖြတ်ရဲတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ထမ်းယံတိုင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့်အပြင် PNLA တပ်ဖွဲ့ဝင်များက တပ်စွဲခြင်း၊ စစ်ရေးအရ ဝင်ထွက်သွားလာခြင်းများလည်း မရှိကြောင်း ရွာခံများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လကလည်း ထမ်းယံတိုင်ကျေးရွာတွင် PNA တပ်က စစ်အသုံးစရိတ်အတွက် ကျပ် ၃ သိန်း ကောက်ခံခဲ့ပြီး စစ်မှုထမ်းအဖြစ် အမျိုးသား ၃ ဦးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ကျေးရွာနေ ပြည်သူများ က ပြောသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here