ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲခဲ့ပြီး ကလေးအပါအဝင် နှစ်ဦးသေဆုံး၍ ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိသည်ဟု မြေပြင် သတင်းအရင်းအမြစ်များက ပြောသည်။
ဆီဆိုင်မြို့၊ ထမ်းယံကျေးရွာနှင့် ထီတမ်ကျေးရွာတို့တွင် ဖေဖော်ဝါရီလ ၁၇ ရက် ည ၉ နာရီ ဝန်းကျင်၌ စစ်ကောင်စီ၏ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ် ၁ ဦးအပါအဝင် ၂ ဦး သေဆုံးပြီး ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။
မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက “ဒီရွာတွေက PNLA (ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်) နေတဲ့ နေရာလည်း မဟုတ်ဘူး။ ဘယ်တပ်ဖွဲ့မှလည်း မရှိဘူး။ တမင်ကို ရွာသားတွေ ပြန်လာတာသိလို့ ပစ်တာ။ ရည်ရွယ်ချက်ရှိရှိ ပစ်တာလို့ ပြောလို့ရတာ” ဟု ပြောသည်။
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) ၏ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ထုတ်ပြန်ချက်တွင် ထမ်းယံကျေးရွာက ခြောက်လသားအရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်ဟု ပါရှိသည်။
ထို့အပြင် ထီတမ်ကျေးရွာက အမျိုးသား ၁ ဦး သေဆုံးပြီး ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်
အရပ်သားများ နေထိုင်သည့်နေရာများကို စစ်ကောင်စီက ဆက်တိုက်ဆိုသလို တိုက်ခိုက်နေသည့်ကိစ္စနှင့် ပတ် သက်၍ CDM ဗိုလ်ကြီး ဖြိုးပြည့်က ယခုကဲ့သို့ ပြောသည်။
“အဓိက ရည်ရွယ်ချက်ကတော့ သူတို့ကိုတိုက်ခိုက်နေတဲ့ အင်အားစုတွေနဲ့ ဒေသခံပြည်သူလူထုတွေနဲ့ ရန်တိုက် ပြီးတော့ သူတို့ ခံတွန်းလှန်နေတဲ့ အင်အားစုတွေ အင်အားလျှော့နည်းသွားအောင်ရယ် သွေးကွဲသွားအောင်ရယ် ဝါဒဖြန့်တယ်၊ ဆိုက်ဝါးတွေ ထည့်တယ်။ အဲ့လိုသဘောပါ။ သူတို့ဆီမှာရှိတဲ့ တယ်လီဂရမ်ချယ်နယ်တွေ အခြား ချယ်နယ်တွေမှာ အဲဒီဟာတွေနဲ့ သူကဝါဒ ပြန်ဖြန့်တာလေ။ ဒီအမှုကြီးတွေ လုပ်ပြီးသွားရင် ချောက်ထိုးချတယ်။ ဟိုကောင်လုပ်တာ၊ ဒီကောင်လုပ်တာ အဲ့လိုပေါ့။ ဟိုအဖွဲ့အစည်းကျူးလွန်တာ ဒီအဖွဲ့စည်းက ကျူးလွန်တာဆိုပြီး သူတို့က ဗြောင်လိမ်ဗြောင်စား လုပ်ကြတာပေါ့” ဟု ၎င်းက ဆိုသည်။
ဆီဆိုင်မြို့နယ် ဘန်းယဉ်မြို့က စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ ၄၂၅ နှင့် ၄၂၆ တို့က လက်နက်ကြီး အချက် လေးဆယ်ကျော် ပစ်ခတ်ခဲ့သည်ဟု PNLA က ထုတ်ပြန်သည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ထဲနှင့် ကရင်နီပြည်နယ်ထဲက တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ အရပ်သား နေရာများ၊ ကျောင်းများကို လက်နက်ကြီးများ၊ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေခြင်း ဖြစ်သည်။
၁၀၂၇ စစ်ဆင်ရေးကစ၍ စစ်ကောင်စီတပ်ထဲ တပ်တွင်းဖရိုဖရဲ ဖြစ်နေခြင်းက ပိုမိုသိသာလာကြောင်း၊ ထိုသို့ ဖရိုဖရဲ ဖြစ်လာလေလေ စစ်တပ်က အရပ်သားပစ်မှတ်များကို ပိုမိုတိုက်ခိုက်လာခြင်း ဖြစ်သည်ဟု CDM ဗိုလ်ကြီး ဖြိုးပြည့်က ဆက်ပြောသည်။
“ဒီဟာကကျတော့ မြန်မာနိုင်ငံကဂျီနီဗာကွန်ဗန်းရှင်းမှာ လက်မှတ်ထိုးပြီးသားလေ စစ်ပွဲဆိုင်ရာဥပဒေတွေမှာ လက်မှတ်ထိုးပြီးသားတော့ရှိတယ်။ ဒါပေမယ့် ဒီနိုင်ငံမှာ ပြန်လည်ပြီးတော့ကျင့်သုံးရမယ့် တပ်မတော် အက်ဥပဒေပေါ့ Militry Act ဆိုတဲ့ ဥပဒေကို ပြဌာန်းထားခြင်း မရှိဘူး။ ပြည်တွင်းထဲမှာကြတော့ နိုင်ငံတကာမှာ ကြတော့ ဂျီနီဗာကွန်ဗန်းရှင်းမှာ လက်မှတ်ထိုးထားတာတော့ မှန်တယ် အဲဒါလေးတချက်တော့ ရှိတယ်။ အရင် အစိုးရကတည်းက လက်မှတ်ထိုးထားခြင်း မရှိတော့ လက်တလုံးခြားလေး လုပ်တာပေါ့ သူတို့က၊ ဥပဒေကို လက်တလုံးခြားလေး လုပ်ကြတာ၊ ဆေးရုံတွေ ဘာသာရေးအဆောက်အုံတွေ ကျောင်းတွေ အရပ်သားပြည်သူတွေ တိုက်ခိုက်လို့ မရဘူးဆိုတာ ရှိထားပြီးသားဖြစ်တယ်” ဟု ၎င်းက ပြောသည်။
ဆီဆိုင်မြို့နယ် ထမ်းယံကျေးရွာနှင့် ထီတမ်ကျေးရွာတို့က ပြည်သူများ ရွာထဲကို ပြန်လာချိန်၌ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် လက်နက်ကြီးကျည်များ ထပ်မံကျရောက်လာမည်ကို စိုးရိမ်သောကြောင့် ရွာသားများမှာ ဘေးလွတ်ရာကို ထပ်မံထွက်ပြေး တိမ်းရှောင်သွားကြသည်။
ဆီဆိုင်တိုက်ပွဲ စတင်လိုက်သည့် ဇန်နဝါရီလ ၂၃ ရက်နေ့မှ ယနေ့အချိန်ထိ စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဆီဆိုင်မြို့နယ်အတွင်း ဘာသာရေး အဆောက်အအုံ ၇ လုံး၊ လူနေအိမ် အလုံးရေ ၅၀ ကျော် မီးလောင်ပြာကျ ပျက်စီးခဲ့သည်။
NMG ပေးပို့သည်။