ဆမီးမြို့ပေါ်က ပြည်သူများ ဆေးကုသမှုပိုင်း အခက်အခဲကြုံတွေ့နေကြရ

0
95
Photo – Social Media

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ပေါ်တွင် နေထိုင်ကြသည့်ပြည်သူများသည် ဆရာဝန်နှင့် ဆေးဝါးမလုံလောက်မှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပိုင်းတွင် အခက်အခဲကြုံတွေ့နေကြရသည်ဟု ဆမီးမြို့ခံများထံမှ သိရသည်။

ဆမီးမြို့ဒေသခံတဦးက “မြို့ပေါ်မှာက AA ရခိုင်ဘက်က ဆရာဝန်တော့ရှိတယ်။ ဆေးခန်းမှာတော့ ရောဂါနဲ့ တိုက်ဆိုင်တဲ့ဟာရှိရင် ကုပေးတာပေါ့။ ဒါပေမယ့် ခွဲစိတ်မှုလုပ်ဖို့ကလည်း ဓာတ်မှန်လည်းမရှိ၊ Ultrasound လည်း မရှိဆိုတော့ ခက်ခဲတာပေါ့။ ရမ်းကုလို ကုနေတာပေါ့ ပြောရမယ်ဆိုရင်။ မီးကလည်းမရ၊ ဘာမှမရှိတော့ သူ့ရဲ့ နားကြပ်တခုနဲ့ပဲ ကုနေရတယ်၊ ဆေးကလည်း အဆင်မပြေ အဲ့လိုမျိုးဖြစ်နေတယ်” ဟု ပြောသည်။

အာရက္ခတပ်တော် (AA) သည် ပလက်ဝမြို့နယ်တခုလုံးကို ၂၀၂၄ ခုနစ်၊ ဇန်နဝါရီ ၁၄ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ခဲ့ပြီးနောက် ပလက်ဝမြို့နှင့် ဆမီးမြို့ပေါ်တွင် AA ၏ အုပ်ချုပ်ရေးလုပ်ငန်းများ လည်ပတ်လျှက်ရှိသည်။

ဆမီးမြို့ပေါ်တွင် တိုက်နယ်ဆေးရုံတစ်ခုသာ ကျန်းမာရေးအတွက် အဓိကထားအားကိုးနေရပြီး လက်ရှိတွင် အာရက္ခတပ်တော် (AA) ၏ ဆရာဝန် ၂ ဦးနှင့် ဆရာမ ၄ ဦးက ဆေးဝါးကုသမှု ဆောင်ရွက်ပေးနေကြောင်း ဆမီးမြို့ခံများ ပြောဆိုမှုအရ သိရသည်။

သို့ရာတွင် ဆမီးမြို့တိုက်နယ်ဆေးရုံတွင် ဆရာဝန်နှင့်ဆေးဝါး မလုံလောက်မှုကြောင့် အချိန်မီ ဆေးကုသနိုင်ခြင်းမရှိဘဲ သေဆုံးခဲ့ရသည့် လူနာများလည်းရှိနေကြောင်း အထက်ပါ ဆမီးမြို့ခံက ဆက်ပြောသည်။

“အရေးပေါ်ဖြစ်ပြီးသေတာက တနှစ်ပတ်လုံးမှာ ၈ ယောက်လောက် ရှိတယ်။ လူနာက အရမ်းဖြစ်တဲ့အချိန်ကြမှ ရောက်လာတော့ ကျောက်တော်ဘက်မှာလွတ်ပေမယ့် လမ်းတဝက်မှာသေတာတို့ ရှိတယ်။ ပြီးတော့ ငှက်ဖျားက အချိန်လွန်သွားတော့ သွေးကလည်းမရနိုင်တော့ အချိန်လွန်ပြီး ဆုံးသွားကြတယ်။ ဆမီးမှာက လူလည်းမရှိဘူး၊ ဆေးရုံလည်ပတ်မှုကတော့ အဆောက်အအုံ၊ သန့်ရှင်းရေးတို့ကတော့ အဆင်ပြေတယ်” ဟု ပြောသည်။

ဆမီးမြို့ပေါ်ကပြည်သူများသည် ရခိုင်ပြည်နယ် ကျောက်တော်နှင့် အိန္ဒိယဘက်မှ ဝင်ရောက်လာသည့် ဆေးဝါးများကို ဝယ်ယူသုံးစွဲနေရသော်လည်း ဈေးနှုန်းမြင့်မားမှုကြောင့် လူတိုင်းဝယ်ယူနိုင်ရန် အခက်အခဲများလည်း ကြုံတွေ့နေရသည်ဟု သိရသည်။

လက်ရှိ၌ ဆမီးမြို့ပေါ်တွင် လူဦးရေတစ်ထောင်နီးပါးသာ နေထိုင်ကြပြီး အများစုမှာ ရခိုင်လူများဖြစ်သည်ဟု သိရကာ မြို့ခံပြည်သူအများစုမှာ စစ်ဘေးတိမ်းရှောင်နေကြဆဲဖြစ်သည်ဟု သိရသည်။

ဆမီးမြို့ကို ဇန်နဝါရီ ၁၄ ရက်နေ့က စစ်ကောင်စီကလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမှတ် (၂) ရပ်ကွက်ရှိ ထွေအုပ်ရုံးမီးလောင်ပျက်စီးခဲ့သည့်အပြင် MPT ဆက်သွယ်ဖုန်းလိုင်းလည်း ပြတ်တောက်နေဆဲ ဖြစ်သည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here