ကရင်နီ (ကယား) ပြည်နယ်တွင် မည်သည့်အဖွဲ့အစည်း၊ မည်သည့်အာဏာရှင်မှ ဝင်ရောက်စွတ်ဖက်မှု မရှိသော ကိုယ်ပိုင်အုပ်ချုပ်ရေး စနစ်ကို စတင်ကျင့်သုံးနေပြီဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က ပြောသည်။
နွေဦးတော်လှန်ရေး ၂ နှစ် ကျော် ကာလအတွင်း ကရင်နီလက်နက်ကိုင် တော်လှန်ရေးအင်အားစုများက ကရင်နီပြည်နယ်၏ နယ်မြေ ထက်ဝက်ကျော်ကို ထိန်းချုပ်လာနိုင်သည့်နောက်တွင် ယခုကဲ့သို့သော ကိုယ်ပိုင်အုပ်ချုပ်မှု စနစ်မျိုးကို ကျင့်သုံးလာခြင်း ဖြစ်သည်ဟု KNPP အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က ပြောသည်။
“ကျနော်တို့ကတော့ ပြည်နယ်ရဲ့ territories တစ်ဝက်ကျော်ကို ကျနော်တို့ သိမ်းထားနိုင်ပြီ။ ဒါကြောင့်မို့လို့ ကျနော်တို့ ဒီ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားဥပဒေပြုရေးကို ကျနော်တို့လက်၊ ကျနော်တို့ခြေနဲ့ ကျနော်တို့ ပြန်ပြီးမှ ကျနော်တို့ဆောင်ရွက်နိုင်ပြီ။ အဲ့ဒီအတွက် ကျနော်တို့ KSCC တို့ IEC တို့ ဆိုတာကို ကျနော်တို့ ဖွဲ့စည်းပြီးတော့မှ ကျနော်တို့ရဲ့ ပြည်နယ်အရေးကိုပေါ့နော် ကျနော်တို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ကျနော်တို့ အုပ်ချုပ်ရေး ဥပဒေပြုရေး တရားစီရင်ရေး အစရှိတာတွေကို ကျနော်တို့ ကိုယ်ပိုင်ပေါ့နော် ကျနော်တို့ ဆောင်ရွက်နေပြီ ဖြစ်တယ်Ó ဟု ဦးအောင်ဆန်းမြင့်က ပြောသည်။
ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ KSCC နှင့် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC တို့ကနေ တဆင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေသည်ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ကရင်နီ လက်နက်ကိုင် တော်လှန်ရေး အင်အားစုများက ပြည်နယ်အတွင်း နယ်မြေ ၆၅ ရာခိုင်နှုန်း ကျော်ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး စစ်ကောင်စီတပ်က ၁၀ ရာခိုင်နှုန်းနှင့် ကျန်သည့် ၂၀ ရာခိုင်နှုန်းကျော်မှာမူ တော်လှန်ရေးအဖွဲ့များ ဝင်ထွက်သွားလာနေသလို စစ်ကောင်စီတပ်ကပါ ဝင်ထွက်နေသည့် စစ်ဖြစ်ပွားရာဇုန် ဖြစ်သည်ဟု KNPP က ဆိုသည်။
ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်များကို ကရင်နီပြည်နယ်ထဲတွင် စတင် လုပ်ဆောင်လာနိုင် သော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုရင် နိုင်ငံအတွင်းရှိ အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးများ အားလုံးမှာ စစ်အာဏာရှင်အောက်မှ လွတ်မြောက်ရန် တညီတညွတ်တည်း စုပေါင်းတွန်းလှန်ဖို့ လိုသည်ဟု ဦးအောင်ဆန်းမြင့်က ဆက်ပြောသည်။
“ဒီနေ့ တော်လှန်ရေးက လူထုလူတန်းစား အသီးသီးပါဝင်တယ်။ အားကောင်းတဲ့ တော်လှန်ရေး ဖြစ်တဲ့အတွက် ကျနော်တို့ကတော့ ဒီလက်ရှိအခြေအနေကို ကြည့်ရင်ပဲ ကျနော်တို့က အချိန်မရွေး ၁၀၀ ရာခိုင်နှုန်းကို ကျနော်တို့ အောင်မြင်နိုင်တဲ့ အနေအထားမှာ အများကြီးရှိပါတယ်။ ဒါပေမယ့်လည်း ဖက်ဒရယ်ပြည်ထောင်စုကို သွားတဲ့ အချိန်မှာ ကျနော်တို့ ပြည်နယ်တစ်ခု လူမျိုးတစ်ခုတည်းနဲ့ ကျနော်တို့ သွားလို့မရဘူး။ အဲဒီအတွက်ကြောင့် တခြားပြည်နယ် တိုင်းနဲ့ ပြည်နယ်တွေကို အားလုံးက ကရင်နီလိုမျိုး တညီတညွတ်တည်းနဲ့ ကျနော်တို့ ဒီကနေ့ တော်လှန်ရေးကို စုပေါင်းအင်အားနဲ့ ဆင်နွဲမယ်ဆိုရင်တော့ ဒီစစ်ကောင်စီကတော့ မနက်ဖြန် သဘက်ခါ ပြုတ် ကျမှာ ကျိန်းသေပါတယ်” ဟု ဦးအောင်ဆန်းမြင့်က ဆိုသည်။
ကရင်နီပြည်တွင် ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော်ပေးနေသည့် ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီ KSCC ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။
ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ KSCC တွင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP၊ ကရင်နီအမျိုး သားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF၊ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်အမတ်များ၊ ကရင်နီပြည်တွင်းရှိ လူငယ်အဖွဲ့အစည်း ၇ ဖွဲ့၊ ကရင်နီ အရပ်ဖက်အဖွဲ့အစည်း ၁၀ ဖွဲ့နှင့် ကရင်နီ အမျိုးသမီးအဖွဲ့အစည်း ၄ ဖွဲ့တို့ ပါဝင်သည်။
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ကို KNPP ဥက္ကဋ္ဌ ခူးဦးရယ် အပါအဝင် အဖွဲ့ဝင် ၆ ဦး နှင့် ကနဦး ဖွဲ့စည်းထားခြင်း ဖြစ်သည်။
NMG ပေးပို့သည်။