စစ်ကောင်စီက မော်လမြိုင် ကမ်းနားလမ်း မြစ်ကမ်းသာအပန်းဖြေစီမံကိန်းအား အရှိန်မြှင့်လုပ်ဆောင်နေ

0
186
Photo - MOI

လက်ရှိကာလ၌ မွန်ဒေသခံတချို့ စစ်ဘေးတိမ်းရှောင်နေရပြီး အကြမ်းဖက်သတ်ဖြတ်ခံနေရချိန်တွင် စစ်ကောင်စီ မွန်ပြည်နယ်ဝန်ကြီးအဖွဲ့က ပွင့်လင်းရာသီအတွင်း ခရီးသွားလုပ်ငန်း အရှိန်မြှင့်လုပ်ဆောင်မှုအနေဖြင့် မော်လမြိုင် ကမ်းနားလမ်း မြစ်ကမ်းသာအပန်းဖြေစီမံကိန်းကို တစ်နှစ်အတွင်း အပြီးစီးဆောက်လုပ်နေကြောင်း သိရသည်။

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် တည်ဆောက်မည့် မော်လမြိုင်ကမ်းနားလမ်း မြစ်ကမ်းသာအပန်းဖြေစီမံကိန်း အချိန်မီပြီးစီးရန် စစ်ကောင်စီပြည်နယ်အစိုးရနှင့် စည်ပင်အဖွဲ့တို့က နိုဝင်ဘာ ၅ ရက်နေ့တွင် လာရောက်စစ်ဆေးခဲ့ပြီးနောက် စီမံကိန်း အကောင်အထည်ဖော်မှုကို ဆက်တိုက်လုပ်ဆောင်လာသည်ဟု မြို့ခံတို့က ပြောသည်။

စစ်ကောင်စီပြည်နယ်ဝန်ကြီးချုပ်အဖွဲ့က အများပြည်သူ အပန်းဖြေရန်ဆိုကာ မော်လမြိုင်မြို့ကမ်းနာလမ်း မြစ်ကမ်းသာအပန်းဖြေစီမံကိန်းကို တစ်နှစ်အတွင်း အပြီးစီးဆောက်လုပ်ရန် လျာထားကြောင်းနှင့် မော်လမြိုင် ကမ်းနာလမ်းရှိ ဘိုးဘွားရိပ်သာစားသောက်ဆိုင်မှ မြို့မတံတားအထိ မြေဧရိယာသတ်မှတ်ထားပြီး မြေယာ ရှင်းလင်းရေးလုပ်ငန်း၊ မြစ်ကမ်းထိန်းနံရံ တည်ဆောက်ခြင်းတို့ ဆက်တိုက်လုပ်ဆောင်နေသည်ဟု ဆိုသည်။

“ဒီရက်ပိုင်းအတွင်းမှာပဲ စလုပ်နေတာတွေ့တယ်။ အများဆုံးဆိုရင် ဒီတစ်ပတ်အတွင်းမှာပဲ စလုပ်နေတာ၊ ပလက်ဖောင်းကနေ ဖို့ထားတဲ့မြေတွေ စိုနေတုန်းပါပဲ။ သူတို့လျာထားတဲ့မြေအရဆိုရင် အဆောက်အအုံက တော်တော်ကြီးတယ်။ ဒီစီမံကိန်းက တော်တော်ကြီးတယ်လို့ပြောလို့ရတယ်” ဟု မော်လမြိုင်မြို့ခံက ဆိုသည်။

ထို့အပြင် ယင်းစီမံကိန်းကို Myanmar Energy King( MEK) Co.LtD ၊ Thiha Min Swe Construction Co.LtD နှင့် Golden Mawlamyine Co,LtD အဖွဲ့တို့က တာဝန်ယူဆောက်လုပ်မည်ဟု သိရသည်။

မြို့ခံတို့အား တစုံတရာအသိပေး ပြောဆိုခြင်းမရှိပဲ မော်လမြိုင်ကမ်းနားလမ်းတွင် အဆောက်အုံတိုးချဲ့ ဆောက်လုပ်နေသည့်အပေါ် မြို့ခံတို့က လက်မခံသော်လည်း ထုတ်ဖော်မပြောဆိုရဲဟု ဆိုကြသည်။

မော်လမြိုင်ကမ်းနားလမ်းတလျှောက်တွင် စစ်ကောင်စီအစိုးရအဖွဲ့က အဆောက်အအုံစီမံကိန်း တစ်နှစ်ထက် တစ်နှစ် တိုးချဲ့ဆောက်လုပ်လာသည့်အတွက် ကမ်းနားလမ်းသဘာဝအလှကို ဖျက်စီးရာရောက်သည်ဟု မြို့ခံခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောဆိုသည်။

“ဒီလိုမျိုးအဆောက်အအုံတွေဆောက်ရင် နောက်ဆုံးက စားသောက်ဆိုင်ပုံစံလိုမျိုးပဲ ဖြစ်မှာပဲလေ။ အဲ့တော့ အမှိုက်သရိုက်တွေ များလာမယ်။ မြစ်ကမ်းတွေ ညစ်ပတ်လာမယ်။ သဘာဝတရားတွေ ပျက်စီးစေတာပေါ့နော်။ ကမ်းနားလမ်းကို ဒီအတိုင်းထားစေချင်တယ်။ အခုက ကမ်းနားလမ်းမှာ စီမံကိန်းတစ်ခုပြီးတစ်ခု တိုးလာနေတယ်” ဟု ၎င်းက ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် မော်လမြိုင်မြို့အပါအဝင် ချောင်းဆုံနှင့် မုဒုံတို့တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဟုဆိုကာ ပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့် စီးပွားရေးလုပ်ငန်းရှင်တို့ ပူးပေါင်းကာ မြေဧရိယာတို့ကို စိတ်ကြိုက်ခြယ်လှယ်ပြီး ပုဂ္ဂလိကစီးပွားရေးအဖြစ် ပြောင်းလဲလုပ်ကိုင်လာနေသည်ဟု ဒေသခံတို့က ပြောဆိုကြသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here