မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်တွင် အုပ်ချုပ်ရေးမှူးနှင့် ပုဂ္ဂိုလ်ရေးအရ အဆင်မပြေသူများကို စစ်မှုထမ်း ဒုတိယအကြိမ်အတွက် ဦးစားပေးခေါ်ယူနေကြောင်း ဒေသခံများက ပြောဆိုသည်။
ကျေးရွာအုပ်စု တစ်စုလျှင် (၁၀) ယောက်နှုန်း သတ်မှတ်ထားခြင်းဖြစ်ပြီး ဇူလိုင်ပထမပတ်မှ စတင်၍ ခေါ်ယူနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “အုပ်ကြီးနဲ့ စာရေးတွေက သူတို့နဲ့အဆင်မပြေသူတွေကို အဓိကထားပြီး စာရင်းပေးတာ။ ပြီးတော့ အခြေခံလူတန်းစားတွေရဲ့ သားယောကျာ်းလေးတွေ အဓိက ပါဝင်ပါတယ်” ဟု ပြောပါသည်။
ယခု စစ်မှုထမ်းဒုတိယအကြိမ် လူသစ်စုဆောင်းမှုတွင် စာရင်းထဲပါသူများ အားလုံးကို မလိုက်မနေရ၊ ခေါ်ယူနေခြင်းမျိုးဖြစ်ပြီး မဲနှိုက်ခွင့်မရှိသည့်အတွက် ပထမအကြိမ်တပ်သားသစ် စုဆောင်းမှုနှင့် ကွာခြားကြောင်းလည်း ဒေသခံများက ပြောဆိုကြသည်။
ယင်းဒေသဘက်တွင် စစ်မှုထမ်း ဒုတိယအသုတ်အတွက် စာရင်းထဲပါသူများထဲမှ တချို့က တိမ်းရှောင်နေကြကြောင်း သိရသည်။
မကွေးတိုင်းအတွင်း စစ်မှုထမ်း ပထမအသုတ်ခေါ်ယူမှုတွင် မဲနှိုက်ရခြင်းမျိုး ရှိခဲ့ပြီး မဲပေါက်သူက ငွေပေးရုံဖြင့် စစ်မှုထမ်းရန် ရှောင်ရှားနိုင်ခဲ့သည်ဟု ဆိုသည်။
မကွေးတိုင်းမှ ပွင့်ဖြူနှင့် စလင်းမြို့နယ်များတွင် စစ်မှုထမ်းသည့် လူငယ်များအတွက်ဆိုပြီး ပျူစောထီးများနှင့် အုပ်ချုပ်ရေးမှူးများက ငွေကြေးကောက်ခံခဲ့သော်လည်း ယင်းအထောက်အပံ့ကို မိသားစုဝင်များက မရရှိကြကြောင်း သိရသည်။
မကွေးတိုင်းတွင် စစ်မှုထမ်းသင်တန်း အပတ်စဉ် ၂ အတွက် လူသစ်အဖြစ် အတင်းအဓမ္မ ခေါ်ယူခံရသူအရေအတွက်သည် မြန်မာတစ်နိုင်ငံလုံးတွင် အများဆုံးပမာဏအဖြစ် အယောက် ၄၀၀ ကျော်ရှိခဲ့ကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခ စောင့်ကြည့်လေ့လာရေးအဖွဲ့ (BACS) က အစီရင်ခံစာထုတ်ပြန်ချက်အရ သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။