မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်သားများက ဂိတ်စခန်းဖွင့်ပြီး ဒေသခံပြည်သူများထံက ဆက်ကြေးကောက် ဖိနှိပ်မှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။
စေတုတ္တရာမြို့နယ် ဗူးရွာနှင့် တပွင့်ကျေးရွာများတွင် စစ်ကောင်စီတပ်သားများက ထိုသို့ဂိတ်စခန်းအထိုင်ချပြီး ပြည်သူများအပေါ် ဖိနှိပ်လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောဆိုသည်။
“ကင်းစခန်းတွေမှာဆိုရင် နေ့စဉ်ရွာသားနှစ်ဦးက လာထိုင်ပေးရတယ်။ ဘာလက်နက်မှရလို့ မဟုတ်ဘူး။ PDF တွေ က လာတိုက်မှာစိုးလို့” လို့ အဆိုပါဒေသခံက ပြောသည်။
ထိုမျှမက စစ်ကောင်စီတပ်သားများ ကင်းလှည့်ရာ၌ စီးနင်းရန်ဆိုပြီး ဆိုင်ကယ်ကိုလည်း ဒေသခံရွာသားများက ဝယ်ပေးကြရပြီး တစ်အိမ်ကို ကျပ်တစ်သောင်း ကနေ ကျပ်နှစ်သောင်းဝန်ကျင်အထိ ပေးဆောင်ရသည်ဟု ဒေသခံတို့က ပြောသည်။
ယင်းအပြင် စစ်ကောင်စီတပ်သားများ အထိုင်ဂိတ်ချထားသည့် ကျေးရွာများသို့ တခြားကျေးရွာက စျေးသည်များ က စျေးလာရောင်းပါက အသားရောင်းချသည့် ဈေးသည်ဆိုရင် အသားနှစ်ပိဿာအထိ အလကား ပေးနေရသည်ဟု ဆိုသည်။
ရွာထဲ၌ အလှူအတန်းရှိချိန် ဝက်၊ နွားနှင့် ကျွဲပေါ်မည် ဆိုပါကလည်း စစ်ကောင်စီတပ်သားများကို ခွဲတမ်းအနေနနှင့် ပေးနေရသည်ဟု ဒေသခံများက ပြောပါသည်။
ဒေသခံများကို အနိုင်ကျင့်ဖိနှိပ် ဆက်ကြေးကောက်နေသည့် ကျေးရွာများ၌ ပျူစောထီးများနှင့် ကပစ ၂၀ တပ်က စစ်ကောင်စီတပ်သား ၁၀၀၀ ဝန်းကျင် တပ်စွဲနေထိုင်ပြီး ယင်းသို့ တပ်စွဲထားသည်မှာ ၄ လ နီးပါး ကြာမြင့်နေပြီဖြစ်သည်ဟု ဒေသခံရွာသားများက ပြောသည်။
လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်က တပွင့်ရွာကို တော်လှန်ရေးများက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ထိုနှစ်မကုန်ခင်မှာပင် စစ်ကောင်စီတပ်များက ပြန်လည်တပ်စွဲထားခြင်းကြောင်း ဒေသခံရွာသားများက ပြောပါသည်။
သံလွင်တိုင်းမ် ပေးပို့သည်။