စာသင်ခန်းတချို့ ဖျက်ဆီးခံရပြီးနောက်ပိုင်း ကျောင်းအနီးနေထိုင်သူ ၆ ဦး ထက်မနည်း ဖမ်းဆီးခံရ

0
269

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်း၏ စာသင်ခန်းတချို့ ဖျက်ဆီး ခံရပြီးနောက် ကျောင်းအနီးဝန်းကျင် နေထိုင်သူ ၆ ဦး ထက် မနည်း ဖမ်းဆီးခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

အထက်တန်းကျောင်း စာသင်ခန်းအချို့တွင် ဆေးနီများဖြန်းထားပြီး ဆရာ၊ ဆရာမ နားနေဆောင်နှင့် ကွန်ပျူတာ များကို ဇွန်လ ၄ ရက်က ရိုက်ခွဲဖျက်ဆီး သွားခဲ့ခြင်းဖြစ်ပြီး ကျောင်းအုပ်ကြီး ရုံးခန်းအတွင်း စာပစ်ထားခဲ့သည်ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

ဇွန်လ ၅ ရက် ကျောင်းဖွင့်ချိန်ရောက်မှ ပျက်စီးနေမှု အခြေအနေများကို တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး နံနက် ၁၀ နာရီ ခန့်တွင် စစ်ကောင်စီတပ်နှင့် လောင်းလုံးမြို့မ ရဲစခန်းတို့က လာရောက်စစ်ဆေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

မျက်မြင်တွေ့ခဲ့သည့် ကျောင်းအနီးနေထိုင်သူ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက “ စာသင်ခန်းတွေထဲနဲ့ ကွန်ပျူတာတွေ၊ ဘီရိုတွေ အကုန် ကြေမွအောင် ဖျက်ဆီးသွားတာ။ ဗုံးတွေ့တယ်လို့ သတင်းကြားတော့ ကျောင်းသားမိဘတွေက စိတ်ပူပြီး ကျောင်းသားတွေကို ကျောင်းကနေ ပြန်ခေါ်သွားကြတယ်” ဟု ပြောသည်။

စစ်ကောင်စီက လာရောက်စစ်ဆေး ရှာဖွေခဲ့စဉ်အတွင်း ကျောင်းဝင်းအတွင်း ဗုံးတွေ့သည်ဟုဆိုပြီး အနီးအနားတဝိုက်တွင် နေထိုင်သည့် အမျိုးသားများနှင့် LGBT တချို့ အပါအဝင် ၆ ဦး ထက်မနည်းကို စစ်ဆေးရန် ရှိသည်ဟုဆိုပြီး ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသူများအနက် တချို့ကို ညပိုင်းတွင် ပြန်လွှတ်ပေးခဲ့သော်လည်း ဆက်လက်ဖမ်းဆီးထားသူများ ကျန်ရှိနေသေးသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြကြောင်း ပြောဆိုသည်။

သို့သော် ဇွန်လ ၆ ရက်နေ့မှ စတင်၍ ကျောင်းသူ/သားများ ပုံမှန်အတိုင်း ကျောင်းပြန်တက် စာသင်ကြားနေပြီ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီက တနိုင်ငံလုံး အတိုင်းအတာဖြင့် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး တနင်္သာရီတိုင်းအတွင်း ပြီးခဲ့သည့်နှစ်ကထက် ကျောင်းတက်သူဦးရေ ပိုများလာသည်ဟု တိုင်း ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။

လောင်းလုံးမြို့ပေါ်တွင် မေလနောက်ဆုံးပတ်ကလည်း မြို့ခံ အယောက် ၈၀ ဦး နီးပါးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် လက်ရှိတွင် ပြန်လွတ်မလာသေးသူ ၁၀ ဦးခန့် ရှိနေသေးကြောင်း ဒေသခံများက ပြောသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here